ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ရေးသားဖြန့်ဝေနေတဲ့ Strange TV ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဇူလိုင်လ ၂၃ ရက် နေ့လည်ပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၂၂ မိနစ်နီးပါးရှိတဲ့ ဗွီဒီယိုဖိုင်နဲ့အတူ ‘PDF တွေတစ်နိုင်ငံလုံးသိမ်းချင်သိမ်းပါစေ။ နေပြည်တော်ထိ မရောက် လာရင် ပြီးရောဟု စကစပြောလိုက်ပြီ’ လို့ ရေးသားထားပါတယ်။
ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
ဖြန့်ဝေနေတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက် ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။
ဖြန့်ဝေထားတဲ့ ဗွီဒီယိုဖိုင်ထဲမှာ ‘PDF တွေတစ်နိုင်ငံလုံးသိမ်းချင်သိမ်းပါစေ။ နေပြည်တော်ထိ မရောက် လာရင် ပြီးရောဟု စကစ ပြောလိုက်ပြီ’ ဆိုတဲ့ အကြောင်း အရာ မပါဝင်ပါဘူး။
ဗွီဒီယိုထဲမှာ စစ်ကောင်စီရဲ့ ကောင်းကြောင်းတွေပြောကာ စကစကို တော်လှန်နေသူတွေအပေါ် ဖေစ့်ဘွတ်ပေါ်ကနေ live လွှင့် ဝေဖန်ပြောဆိုလေ့ရှိတဲ့ ကျော်မျိုးမင်း ဆိုသူရဲ့ ဖေစ့်ဘွတ် live ကို ကူးယူဖြန့်ဝေထားတာပါ။
သူ့ရဲ့ live ထဲမှာ သူ့ပြောလေ့ရှိတဲ့ စစ်ကောင်စီ ကောင်းသတင်းတွေအပြင် တော်လှန်ရေးအဖွဲ့တွေကို အပြစ်တင်ကြောင်းတွေ ပြောဆိုထားတာပါ။
ပြီးခဲ့တဲ့ ရက်ပိုင်းကတော့ ‘PDF တွေ နေပြည်တော်ကို တက်မသိမ်းရင် ရပြီလို့ FMI ဦးသိမ်းဝေပြော’ ဆိုတဲ့ သတင်းကို သတင်းမီဒီယာ တွေမှာ ဖော်ပြထားတာရှိပါတယ်။
သတင်းတွေထဲမှာ ပြည်သူ့ကာကွယ်ရေးတပ် PDF တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေဟာ နိုင်ငံရဲ့ ဒေသအနှံ့အပြားမှာ အာဏာသိမ်းစစ်တပ်နဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေပေမယ့် မြို့ကြီးတွေနဲ့ အထူးသဖြင့် နေပြည်တော်ကို တက်မသိမ်းနိုင်ရင် ရပြီလို့ ထိပ်တန်းစီးပွားရေး လုပ်ငန်းရှင် တဦး ဖြစ်တဲ့ Mr.Serge Pun(ခေါ်)ဦးသိမ်းဝေ ပြောထားတဲ့ ရုပ်သံဖိုင် အတို တခု ဆိုရှယ်မီဒီယာမှာ ပြန့်နေကြောင်း၊ စစ်ကောင်စီနဲ့ ပူးပေါင်းနေတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားတွေတည်ရှိရာ မြို့ပြတွေနဲ့ နေပြည်တော်ကို စစ်ကောင်စီထိန်းချုပ်နိုင်ဖို့ကို မျှော်လင့်နေကြတာ ဒီဗီဒီယိုထဲက ဦးသိမ်းဝေ ပြောစကားတွေက ထင်ဟပ်နေကြောင်းနဲ့
FMI Co., Ltd ဥက္ကဌ Mr. Serge Pun (ဆာ့ချ်ပန်) ခေါ် ဦးသိမ်းဝေ ဟာ စစ်ကောင်စီက ပေးတဲ့ သီရိပျံချီဘွဲ့ကို ရရှိထားသူဖြစ်ကြောင်း ဖော်ပြထားပါတယ်။
ဒီသတင်းကို ဧရာဝတီသတင်းဌာန ရဲ့ တရားဝင်ဖေစ့်ဘွတ်ပေချ့်မှာ ဇူလိုင် ၁၇ ရက်နေ့က ဖော်ပြထားပါတယ်။ ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု သူများအောင် သတင်းခေါင်းစဉ် ဓါတ်ပုံတွေမှာ လိမ်ညာရေးသားပြီး ကြည့်ရှုများအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။