အဆိုပါ သတင်းအတုကို စစ်ကောင်စီရဲ့ ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တွေကတဆင့် လူမှုကွန်ယက်ပေါ် ဖြန့်ထားကြတာဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ PDF တစ်ဦးသေနတ်ကိုင်ထားတဲ့ ဓါတ်ပုံရယ်၊ Faw ကားတစ်စီးရဲ့ ပုံရယ်၊ သေနတ်မှန်ပြီး သေဆုံးနေတဲ့ လူတစ်ယောက်ရဲ့ပုံတွေကို သုံးထားပြီး “မုံရွာမှ စစ်ကိုင်းသို့ ကယ်ဆယ်ရေးသွားတဲ့ ယာဥ်တန်း မြင်းမူနားမှာ အကြမ်းဖက် pdfများမှ ချောင်းမြောင်း တိုက်ခိုက်” (အသုံးအနှုန်း မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။
မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။
အဆိုပါ သတင်းအတုကို တယ်လီဂရမ်ချန်နယ်တွေအပြင် ဖေ့ဘွတ်အကောင့်ပေါင်းများစွာက ဖြန့်ဝေထားကြပါတယ်။
သတင်းဆန်းစစ်ချက်
စစ်ကိုင်းလာတဲ့ ကယ်ဆယ်ရေးယဉ်ကို PDF တွေက မိုင်းဆွဲတိုက်ခိုက်တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။
သတင်းအမှားဖြန့်သူတွေ အသုံးပြုထားတဲ့ ဓါတ်ပုံတွေဟာ အဟောင်းတွေဖြစ်ပြီး စစ်ကောင်စီထောက်ခံသူတွေက အချိန်ကိုက် ဝါဒဖြန့်ချီလာတာ ဖြစ်ပါတယ်။
၎င်းတို့ သုံးထားတဲ့ ဓါတ်ပုံထဲမှာ PDF တစ်ဦး သေနတ်ကိုင်ထားတဲ့ ပုံဟာ မတ်လ ၁၉ ရက်နေ့က နွားထိုးကြီး PDF က ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၃၁၉ မှာ ရဲကား ၊ အိမ်စီးကား တို့နဲ့ ကင်းလှည့်နေတဲ့ စစ်ကောင်စီ တပ်သားတွေကို ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ ဓါတ်ပုံဖြစ်ပါတယ်။
မူရင်းဓါတ်ပုံကို ဒီနေရာမှာ ကြည့်ပါ။
နောက်ထပ် Faw ကားတစ်ရဲ့ ဓါတ်ပုံဟာလည်း ပုံဟောင်းတစ်ခုဖြစ်ပြီး ကန့်ဘလူ PDF တွေက စစ်ကောင်စီရဲ့ Faw ကားတစ်စီးကို မီးရှို့ဖျက်ဆီးခါနီး စစ်ဆေးနေတဲ့ ဓါတ်ပုံသာ ဖြစ်ပါတယ်။
အဆိုပါ ဓါတ်ပုံကို ဒီနေရာမှာ ကြည့်ပါ။
သတင်းအမှားဖြန့်ထားတဲ့ ဖေ့စ်ဘွတ်အကောင့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ မည်သူမည်ဝါမှန်း ဖော်ပြထားခြင်း မရှိတဲ့ အကောင့်တုတွေ ဖြစ်တာကို တွေ့ရပြီး စစ်ကောင်စီအတွက် ဝါဒဖြန့်ချီနေတဲ့ အကောင့်တုတွေ ဖြစ်တာကို တွေ့ရပါတယ်။