ဒီအကြောင်းအရာကို ငလျင်ကြီး လှုပ်ခတ်အပြီး တစ်ရက်အကြာ မတ်လ ၂၉ ရက်နေ့ နေ့လည်ပိုင်းမှာ စတင်ပြီး လူမှုမီဒီယာတွေ ပေါ်မှာ ဖြန့်ဝေလာတာပါ။
ဖြန့်ဝေရာမှာ 'မြန်မာနိုင်ငံရဲ့ ပြတ်ရွေ့ကြောတွေရဲ့ အနီးတဝိုက်ကို ပြင်းထန်တဲ့ဖိအားတွေ ခဏခဏပေးပါများရင် နှစ်တရာ လောက်မှရွေ့တဲ့မြေကြီးက အချိန်တိုနဲ့ပြတ်ရွေ့ကြောလှုပ်ရှားပွတ်တိုက်အက်ကွဲမှုတွေ သဘာဝတရားရဲ့ ကြာချိန်ထက် ပို စော ဖြစ်နိုင်မယ်ထင်ပါတယ်။ ငလျင်ကိုလူလုပ်လို့ရတယ်လို့ပြောလို့ရလာပါတယ်။ တနှစ်ကို ၂၂ mm ပဲ ရွှေ့နေတဲ့ စစ်ကိုင်း ပြတ်ရွေ့ကြောရဲ့ အနီးတဝိုက်ကို မကြာခဏ ပေါင် ၅၀၀ အင်အားကြီးဗုံးတွေ ကြဲနေတတ်တဲ့အခါ ပြတ်ရွေ့ကြောတွေ လှုပ်ရှား သက်ဝင်မှု ပိုဖြစ်စေနိုင်တယ်လို့တွေးမိပါတယ်။ အခုလိုပုံမှန်လေးဆက်ကြဲသွားပေးရင် မန္တလေးမြို့ သေဆုံးခန်းကို ကျနော်တို့လက်ထက်မှာမျက်ဝါးထင်ထင်မြင်တွေ့ရမှာလဲဖြစ်ပါတယ်။ ဧရာဝတီမြစ်ဆိုတာလဲ ဒဏ္ဍာရီလိုလိုဖြစ်ပြီး ကျန်ခဲ့မှာ ဖြစ်ပါတယ်။ ကမ္ဘာအမွေအနှစ်ပုဂံဆိုတာလဲ ပြားပြားဝတ်သွားမှာပါ' လို့ ရေးသားထားတာပါ။
ဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
ဗုံးပေါက်ကွဲမှုတွေက ကြီးမားတဲ့ ငလျင်လှုပ်ခတ်မှု ဖြစ်ပေါ်နိုင်တယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ အချက်အလက် မှားယွင်းနေတဲ့ သတင်းမှားတွေပဲ ဖြစ်ပါတယ်။
အင်အားပြင်း ငလျင်ကြီးတွေကို ကာကွယ်ဖို့ ဖောက်ခွဲရေးပစ္စည်းတွေသုံးပြီး အသေးစား ငလျင်တွေပြုလုပ်လို့ မရနိုင်ဘူးလို့ United States Geological Survey (USGS) မှာ ဖော်ပြထားပါတယ်။
ပေါက်ကွဲအား ပြင်းထန်တဲ့ ဖောက်ခွဲမှုတွေတောင် ငလျင်အသေးစားတွေ မဖြစ်ပေါ်နိုင်တဲ့အတွက် အင်အားပြင်း ငလျင်ကြီး တစ်ခုနဲ့ ညီမျှဖို့ဆိုရင် ငလျင်ငယ် ရာထောင်ချီဖြစ်မှ ရမည်ဖြစ်ကြောင်း ရေးသားဖော်ပြထားပါတယ်။
အဓိပ္ပါယ်က အင်အားပြင်းငလျင်ကြီး ဖြစ်ဖို့ လူလုပ်ဖေါက်ခွဲမှုတွေကနေ မဖြစ်နိုင်ကြောင်း ရေးသားထားတာပါ။
USGS မှာ ဖော်ပြထားတာကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
နျူကလီးယား ပေါက်ကွဲမှုတွေကြောင့်တော့ ငလျင်လှုပ်ခတ်တွေ ဖြစ်ပေါ်နိုင်တဲ့အပြင် နောက်ဆက်တွဲ ငလျင်တွေ အထိဖြစ်ပေါ်နိုင်တယ်လို့ USGS က ဖော်ပြထားပါတယ်။
ဒါပေမယ့်လည်း နျူကလီးယားဖေါက်ခွဲမှုကြောင့် ဖြစ်ပေါ်လာတဲ့ ငလျင်ဟာ ပေါက်ကွဲမှုထက် ပိုမိုသေးငယ်ပြီး နောက်ဆက်တွဲ ငလျင်တွေသာ ပိုမိုဖြစ်ပွားတယ်လို့ ဆိုထားပါတယ်။
ပြီးတော့ ပေါက်ကွဲမှုတိုင်းကလည်း ငလျင်လှုပ်တာမဟုတ်ကြောင်း၊ ပေါက်ကွဲမှုကြောင်း ဖြစ်ပေါ်လာနိုင်တဲ့ ငလျင်လှုပ်ခတ် နိုင်တဲ့ အတိုင်းအတာဟာ ပစ်မှတ်ကနေ ကီလိုမီတာ ဆယ်ဂဏန်းလောက်သာ ရှိတယ်လို့ ဆိုပါတယ်။
USGS မှာ ဖော်ပြထားတာကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
USGS မှာ ဖော်ပြထားတဲ့ အချက်အလက်တွေအရ နျူကလီးယားပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာတဲ့ ငလျင်ဖြစ်ပွားနိုင်မှုနှုန်း ဟာ ရေနံနဲ့ ဓါတ်ငွေ့တူးဖော်ရာမှာ ပြုလုပ်တဲ့ hydraulic fracturing လို့ခေါ်တဲ့ Fracking ပြုလုပ်တာနဲ့ သတ္တုတူးဖော်တာ တွေလောက်တောင် မများပဲ ၂ ရာခိုင်နှုန်းသာ ရှိပါတယ်။
USGS မှာ ဖော်ပြထားတဲ့ အချက်အလက်တွေကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
ဒါကြောင့် နျူကလီးယားပေါက်ကွဲမှုထက် အဆပေါင်းများစွာ အားပျော့တဲ့ ပေါင် ၅၀၀ ဗုံး ပေါက်ကွဲမှုကြောင့် အင်အားပြင်း ငလျင်ကြီး လှုပ်ခတ်တယ်ဆိုတာ အချက်အလက် အမှားပဲ ဖြစ်ပါတယ်။
ဒီအကြောင်းအရာနဲ့ အလားတူ ဖြစ်ရပ်တစ်ခုအဖြစ် ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းမှာ လူမှုမီဒီယာတွေပေါ်မှာ ဟိုးလေးတကျော် ဖြစ်ခဲ့ပါသေးတယ်။
အဆိုပါအချိန်တုန်းက Frank Hoogerbeets ဆိုတဲ့ သူ့ကိုသူ ငလျင်ဗေဒ ပညာရှင်လို့ဆိုသူက သူ့ရဲ့ X အကောင့်မှာ အစ္စရေးတွေရဲ့ ဗုံးကျဲတိုက်ခိုက်မှုကြောင့် ဂါဇာမှာ သိသိသာသာ ငလျင်လှုပ်ခတ်မှုတွေ ဖြစ်ပွားနိုင်ပြီး ပင်လယ်သေ ပြတ်ရွေ့ တစ်လျှောက် ကြီးမားတဲ့ ငလျင်ဖြစ်ပေါ်စေမယ်လို့ ပြောဆိုခဲ့ပါတယ်။
ဒါပေမယ့် ဒီပြောဆိုချက်အပေါ် ပညာရှင်တွေ ထောက်ပြတာက ဂါဇာကမ်းမြောင်အပေါ် အစ္စရေးရဲ့ ဗုံးကြဲချမှု အတိုင်း အတာဟာ ပေါက်ကွဲမှုစွမ်းအားအရ ဟီရိုရှီးမားမှာ ကြဲချခဲ့တဲ့ နျူကလီးယားဗုံးနှစ်လုံးနီးပါး အင်အားပြင်းထန်ပေမယ့် ထောင်နဲ့ချီတဲ့ ဗုံးတွေ၊ ဒုံးကျည်တွေဟာ တစ်နေရာတည်းကို ဆက်တိုက်ကျနေတာ မဟုတ်ပဲ တစ်လအတွင်းမှာ နေရာပေါင်းများစွာမှာ ကျခဲ့တာဖြစ်ကြောင်း။ ဒါကြောင့် ထုတ်လွှတ်မှုစွမ်းအင်ဟာ ဂါဇာတစ်ခွင်ရှိ နေရာအများအပြားမှာ ပြန့်သွားပြီး ငလျင်လှုပ်ခတ်မှုကို ဖြစ်စေတဲ့ စွမ်းအင် ဖြစ်မလာတော့ဘူးလို့ ဖြေရှင်းထားပါတယ်။
ဒီအကြောင်းအရာအပေါ် အီရန်နိုင်ငံရှိ နိုင်ငံတကာ ငလျင်အင်ဂျင်နီယာသိပ္ပံက ပါမောက္ခ Qamyar Zaman က သုံးသပ် ထားရာမှာတော့ ဗုံးကြဲတိုက်ခိုက်မှုတွေဟာ ငလျင်လှိုင်းတွေ ဖြစ်ပေါ်စေပေမယ့် နျူကလီးယားဗုံး ပေါက်ကွဲတာမျိုး မဟုတ်ရင် ပြင်းအားအလွန်သေးငယ်ပြီး တော်ရုံအကွာအဝေးကနေ ခံစားသိရှိနိုင်မှာ မဟုတ်ကြောင်း၊ ကျယ်ပြန့်တဲ့ ငလျင်တိုင်းတာရေး ကိရိယာတွေ အသုံးပြုပြီး ဖမ်းယူရင်တောင် အချက်ပြမှု အချိုးအစား အနည်းငယ်သာ ရရှိမယ်လို့ ပြောထားပါတယ်။
လက်နက်တွေနဲ့ ဖောက်ခွဲမှုကြောင့် ဖြစ်ပေါ်ခဲ့တဲ့ အကြီးမားဆုံး ငလျင်ဟာ ရစ်ခ်ျတာစကေး ၄.၉ သာရှိပြီး ဒါဟာ ဟီရိုရှီးမားကို ကြဲချတိုက်ခိုက်ခဲ့တဲ့ အဏုမြူဗုံးထက် အဆ ၃၀၀၀ ကျော် အင်အား ၅၀ megatons ရှိတဲ့ Tsar Bomba နူကလီးယားဗုံး စမ်းသပ်မှုကနေ ထွက်ပေါ်လာတာ ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။
ဒါ့အပြင် သြစတြေးလျနိုင်ငံ Curtin University မှ ဘူမိဗေဒသုတေသီ Jane Cunneen က ဖောက်ခွဲမှုတွေကြောင့် ဖြစ်ပေါ်လာတဲ့ ငလျင်တွေဟာ အပေါ်ယံပျက်စီးမှုတွေ ဖြစ်စေနိုင်ပေမယ့် ပြတ်ရွေ့ကျောတွေ လှုပ်ရှားမှုအပေါ် သက်ရောက်မှု မရှိနိုင်ဘူးလို့ ပြောဆိုထားပါတယ်။
ဒီအကြောင်းအရာကို Misbar ဝက်ဆိုက်မှာ ၂၀၂၃ ခုနှစ် နိုင်ဝင်ဘာ ၁၁ ရက် ဖော်ပြထားပါတယ်။ ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။