ဒီအကြောင်းအရာနဲ့ ပက်သတ်ပြီး သတင်းဌာနအချို့မှာ အတည်မပြုနိုင်တဲ့ သတင်းအဖြစ် စတင်ဖော်ပြရာကနေ သတင်းအမှား ဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်နဲ့ Youtube ချန်နယ်အချို့မှာ ဗိုလ်ချုပ်ဇော်မင်းထွန်း သေတယ်ဆိုပြီး အတိအကျ ရေးသားဖော်ပြလာတာ ဖြစ်ပါတယ်။
ဒီအကြောင်းအရာကို Khit Thit top news ဆိုတဲ့ Youtube ချန်နယ်နဲ့ Naypudaw Khit Thit ဆိုတဲ့ ချန်နယ်တွေမှာ ဖေဖေါ်ဝါရီ ၂၃ ရက်နေ့ နေ့လည်ပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ကြည့်ရှု့သူ သိန်းနဲ့ချီပြီး ရှိနေပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၉ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်နဲ့အတူ ဗိုလ်ချုပ်ဇော်မင်းထွန်း ရုပ်ပုံပါတဲ့ Thumbnail ပေါ်မှာ 'ဇော်မဲလုံး ပွဲချင်းပြီးသေပြီ။ ဇော်မဲလုံး မိုင်းဆွဲခံရပြီး သေပြီဟေ့။ စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် အရေးပေါ် ရောက်ပြီ။ စီးလာတဲ့ မာစီးဒီးကားကြီး ကျွမ်းပြန်သွားတာဗျို့' လို့ ရေးသားထားပါတယ်။
အချို့ဖြန့်ဝေမှုတွေမှာတော့ 'ဗိုလ်ချုပ်ဇော်မင်းထွန်း နာရေးသတင်း။ ဇော်မဲလုံး မိုင်းခွဲလုပ်ကြံခံရ။ ကျန်ဗိုလ်ချုပ်တွေလည်း ကြောက်ပြီး နှုတ်ထွက်ဖို့ လုပ်နေကြပြီ' လို့ ရေးသားထားပါတယ်။
ဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ဗိုလ်ချုပ်ဇော်မင်းထွန်း သေဆုံးတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်တွေထဲမှာ People's Spring သတင်းဌာနမှာ ဖေဖေါ်ဝါရီ ၂၃ ရက်နေ့ နေ့လည်ပိုင်းက ဖော်ပြထားတဲ့ ‘စစ်ကောင်စီအရာရှိများလိုက်ပါယာဥ်တန်းတိုက်ခိုက်ခံရ၊စစ်ဗိုလ် ၁ ဦးသေပြီး မိုင်းထိသောမာစီးဒီးကားကိုထားခဲ့’ ဆိုတဲ့ သတင်းကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆိုထားတာပါ။
ဒီသတင်းရဲ့ ကနဦးဖော်ပြချက်မှာ ‘စစ်ကောင်စီ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ချုပ်ဇော်မင်းထွန်း ပါရှိကြောင်း သတင်းထွက်ပေါ် နေသော်လည်း အတည်မပြုနိုင်သေး’ လို့ ဖော်ပြခဲ့ပေမယ့် နောက်ပိုင်းမှာ သတင်းကို ‘စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း မပါဘဲ ၊စစ်ကောင်စီပြန်ကြားရေးဒုဝန်ကြီး ဦးရဲတင့်ပါဝင်’ လို့ ပြန်လည် ပြုပြင်ရေးသားထားပါတယ်။
သတင်းကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။
ဖြစ်စဉ်မှာ စစ်ကိုင်းမြို့ တိုင်းရင်းသားဒီကရီကောလိပ်က ပြန်လာတဲ့ စစ်ကောင်စီအရာရှိတွေ ပါလာတဲ့ ယာဉ်တန်းကို တော်လှန်ရေးအဖွဲ့တွေက ဖေဖေါ်ဝါရီ ၂၁ ရက်နေ့ နံနက်ပိုင်းမှာ မိုင်းဆွဲတိုက်ခဲ့တာလို့ သိရပါတယ်။
သတင်းမှာ ဖော်ပြထားချက်အရ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ကားတစ်စီး ပျက်စီးပြီး စစ်ဗိုလ်တစ်ဦးသေဆုံးသွားတယ်လို့ သိရပါတယ်။
လက်ရှိမှာ စစ်ကောင်စီလက်အောက်ခံ သတင်းပြန်ကြားရေး ချန်နယ်တွေမှာ အွန်လိုင်းလောင်းကစားမှုနဲ့ ပက်သတ်ပြီး စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းရဲ့ ပြောဆိုမှု အသံဖိုင်ကို ဖေဖေါ်ဝါရီ ၂၄ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ထားတာ ရှိပါတယ်။