ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Khit Thit News ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ မေလ ၂၇ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၉ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'ဗဟိုဘဏ် ငွေကြေးခဝါချခံရ။ ကျပ် (၅) ဘီလျံ စစ်တပ်က သိမ်းပိုက်ကြောင်း ကြေညာ' လို့ ရေးသားထားတာပါ။
ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။
ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
ဗဟိုဘဏ် ငွေကြေးခဝါချခံရပြီး ကျပ်ငွေ ၅ ဘီလျံ စစ်တပ်က သိမ်းပိုက်ကြောင်း ကြေညာတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ဟာ RFA သတင်းဌာနမှာ မေလ ၂၇ ရက်နေ့က ဖော်ပြထားတဲ့ ‘နိုင်ငံခြားငွေလဲလုပ်ငန်း ၁၆ ခုကို အရေးယူလိုက်ကြောင်း ဗဟိုဘဏ်ထုတ်ပြန်’ ဆိုတဲ့ သတင်းကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆိုထားတာသာ ဖြစ်ပါတယ်။
သတင်းထဲမှာ ဒေါ်လာစျေးတက်နေတာကို ထိန်းချုပ်ဖို့ ကြိုးစားနေတဲ့ ဗဟိုဘဏ်ဟာ လုပ်ငန်းလိုင်စင်မရှိဘဲ နိုင်ငံခြားငွေလဲလုပ်ငန်း လုပ်ကိုင်နေတဲ့ လုပ်ငန်း ၁၆ ခုကို အရေးယူလိုက်တဲ့ အကြောင်းကို ရေးသားဖော်ပြထားတာပါ။
ဒီသတင်းထဲမှာဗဟိုဘဏ် ငွေကြေးခဝါချတယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်ပါဘူး။ အခုဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။
RFA သတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။