ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Khit Thit News ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ မေလ ၃၀ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၁၁ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ ''စစ်ကောင်စီဗဟိုဘဏ် ကြေငြာပြီ။ ကျပ် ၁ သောင်းတန် ငွေမဲအဖြစ်ကြေငြာပြီ။ မအလ ကြင်စိုး ငါးပါးမှောက်ပြီဟေ့' လို့ ရေးသားထားတာပါ။
ဒီအကြောင်းအရာကို ဖြန့်ဝေပြီး ၈ နာရီအတွင်း ဝင်ရောက်ကြည့်ရှု့သူ တစ်သိန်းကျော် ရှိနေပါတယ်။
ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
ငွေကျပ် ၁ သောင်းတန်တွေကို ငွေမဲအဖြစ် ဗဟိုဘဏ် ကြေငြာတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ဟာ Khit Thit Media မှာ မေလ ၃၀ ရက် နံနက်ပိုင်းက ဖော်ပြထားတဲ့ 'နိုင်ငံတော်၏ ဘတ်ဂျက်လိုငွေပြမှု အနည်းဆုံး ငွေကျပ်ဘီလီယံ ၁ သောင်းအထက်ရှိနေချိန် ဗဟိုဘဏ်က ငွေစက္ကူအသစ်များစွာ ထုတ်ပေးထွက်ရှိ လည်ပတ်နေမှု ပုဂ္ဂလိကဘဏ်တချို့နှင့် စီးပွားရေးအသိုင်းအဝိုင်း အတည်ပြု' ဆိုတဲ့ သတင်းကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆိုထားတာသာ ဖြစ်ပါတယ်။
ဒီသတင်းထဲမှာငွေကျပ် ၁ သောင်းတန်တွေကို ငွေမဲအဖြစ် ကြေငြာတယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်ပါဘူး။ အခုဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။
Khit Thit Media မှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။