ဒီအကြောင်းအရာကို M Sai Aung Myat ဆိုတဲ့ ဖေစ့်ဘွတ်အကောင့်ကနေ နိုဝင်ဘာ ၆ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။
ဖြန့်ဝေရာမှာ 'တနာရီမိုင်၁၀၀၀နှုန်းနဲ့ စူပါတိုင်ဖွန်မုန်တိုင်းကြောင့် မြန်မာနိုင်ငံကြီးတခုလုံး လေထဲလွင့်ပြီး အာဖရိက အထိ ရောက်နိုင်ကြောင်း မိုးလေဝသထုတ်ပြန်' လို့ ရေးသား ထားတာပါ။
တခြား ကူးယူဖြန့်ဝေမှုတွေမှာတော့ 'စူပါတိုင်ဖွန်မုန်တိုင်းကြောင့် မြန်မာနိုင်ငံကြီးတခုလုံး လေထဲလွင့်ပြီး အာဖရိကအထိ ရောက်နိုင်ကြောင်း စုစုစံပြောလိုက်ပြီ' လို့ ရေးသားထားပါတယ်။
ဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
မြန်မာနိုင်ငံကို စူပါတိုင်ဖွန်းမုန်တိုင်း တိုက်ခတ်မယ်ဆိုပြီး ဖြန့်ဝေနေတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
ဖြန့်ဝေနေတာတွေဟာ လူအများစိတ်ဝင်စားအောင် တမင် နောက်ပြောင် ဖြန့်ဝေထားတာသာ ဖြစ်ပြီး မုန်တိုင်းဝင်မယ် ဆိုတဲ့ သတင်းနဲ့ ပတ်သက်ပြီး ယုံကြည်စိတ်ချရတဲ့ သတင်းဌာန၊ အဖွဲ့အစည်းတွေက ထုတ်ပြန်ထားတာမျိုး မရှိပါဘူး။
မိုးလေဝသ ပညာရှင် ဦးဝင်းနိုင်က သူ့ရဲ့ ဖေစ့်ဘွတ်အကောင့်မှာ မုန်တိုင်းနဲ့ ပတ်သက်ပြီး နောက်ဆုံးဖြန့်ဝေထားတဲ့ အကြောင်းအရာကတော့ တောင်တရုတ် ပင်လယ်က CAT-2(Category-2) တိုင်ဖွန်းမုန်တိုင်း YINXING အကြောင်းဖြစ်ပြီး ဒီမုန်တိုင်းကို စိုးရိမ်ဖို့ မလိုပါဘူးလို့ ပြောထားပါတယ်။
ဦးဝင်းနိုင်ရဲ့ ရေးသားထားမှုထဲမှာ ဒီမုန်တိုင်းဟာ နိုဝင်ဘာ ၁၂ ရက် နေ့လည်ပိုင်းမှာ ဗီယက်နမ်ကမ်းခြေကို ရောက်ရှိပြီး အားလျော့ သွားမှာ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ တောင်ပိုင်းစွန်း တနင်္သာရီတိုင်း တောင်ဘက် အစွန်မှာသာ မိုးများ/မိုးရွာ နိုင်တယ်လို့ ရေးသားထားပါတယ်။
မိုးလေဝသ ပညာရှင် ဦးဝင်းနိုင်ရဲ့ ဖေစ့်ဘွတ်အကောင့်မှာ ဖော်ပြထားမှုကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။