ဒီအကြောင်းအရာကို Khit Thit Media ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ ဒီဇင်ဘာ ၁၁ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၉ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'တရုတ်စစ်တပ် (၆၀) ကျော် တိုက်ပွဲကျဆုံး။ AA ကို တိုက်ခိုက်တဲ့ ဘယ်နိုင်ငံသားမဆို အပြတ်ရှင်းဖို့ AA တပ်မမှူး အမိန့်ပေး။ တရုတ်ကြီး ဒေါပွနေပြီ' လို့ ရေးသား ထားတာပါ။
ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။
ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
AA နဲ့ တိုက်ပွဲ တရုတ်စစ်တပ် ၆၀ ကျော် သေဆုံးတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ဟာ BNI သတင်းဌာနမှာ ဒီဇင်ဘာ ၁၀ ရက်နေ့က ဖြန့်ဝေထားတဲ့ 'တရုတ်စီမံကိန်းကြီးများရှိရာ ကျောက်ဖြူမြို့ လုံခြုံရေးတိုးမြှင့်ပြီး ခံစစ်ကို အခိုင်အမာပြင်ဆင်လာ' ဆိုတဲ့ သတင်းကို နောက်ခံ စကားပြောနဲ့ ပြန်လည် ပြောဆိုထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။
ဒီအကြောင်းအရာထဲမှာ AA နဲ့ တိုက်ပွဲ တရုတ်စစ်တပ် ၆၀ ကျော် သေဆုံးတယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်သလို အခြား ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာ ဖော်ပြထားတာလည်း မရှိပါဘူး။
သတင်းထဲမှာ စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင် မြို့ ၃ မြို့ထဲက တရုတ်စီမံကိန်းကြီးတွေရှိတဲ့ ကျောက်ဖြူမြို့မှာ စစ်ကောင်စီက ယခုရက်ပိုင်းအတွင်း လုံခြုံရေးတိုးမြှင့်ပြီး ကင်းထောက်တွေ အပါအဝင် စစ်ကြောင်းထိုးတာတွေ ပိုမို လုပ်ဆောင် လာကြောင်း ရေးသားထားတာပါ။
မူရင်းသတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။