ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ News-for-today ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဇူလိုင်လ ၂၉ ရက်နေ့ မှာ စတင် ပုံစံတူ သတင်းတွေ ဖြန့်ဝေနေတာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။
ဖြန့်ဝေရာမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်ခေါင်းဆောင်တွေရဲ့ ဓာတ်ပုံတွေအသုံးပြုပြီး ဗွီဒီယိုကာဗာပြုလုပ်ထားကာ ကြာချိန် ၉ မိနစ်ကျော်ဝန်းကျင်ရှိတဲ့ ဗွီဒီယိုဖိုင်တစ်ခုနဲ့အတူ ‘အမေစုနဲ့ တရုတ်ဝန်ကြီး သဘောတူလိုက်ပြီ။ ချက်ချင်းအာဏာစွန့်ပြီး တရုတ်ကို ခိုလှုံခွင့်ပေးပြီ’ လို့ ရေးသားထားတာပါ။
တချို့ဖြန့်ဝေမှုတွေမှာတော့ ‘အမေစုနဲ့ တရုတ်ဝန်ကြီး တွေ့ဆုံဆွေးနွေးမယ်။ အာဏာရူး စစ်ဘီလူးအုပ်စု အဝီစိကျပြီ’ လို့ ရေးသား ထားပါတယ်။
ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
ဖြန့်ဝေနေတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက် ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။
ဖြန့်ဝေထားတဲ့ ဗွီဒီယိုဖိုင်ထဲမှာ ဒေါ်အောင်ဆန်းဆုကြည်နဲ့ တရုတ်ဝန်ကြီး တွေ့ဆုံတယ် (သို့မဟုတ်) သဘောတူတယ် ဆိုတာနဲ့ သက်ဆိုင်တဲ့ အကြောင်းအရာတွေ မပါဝင်ပါဘူး။
ဗွီဒီယိုထဲမှာ ‘ဖမ်းဆီးအချုပ်ချခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အချုပ်ထောင်ထဲကနေ နိုင်ငံတော်ပိုင် နေအိမ် တစ်လုံးကို ပြောင်းရွှေ့ထားတယ်လို့ အမျိုးသားဒီမိုကရေစီပါတီအဖွဲ့ချုပ် NLD ပါတီ တာဝန်ရှိသူတစ်ဦး ပြောဆိုတယ် ဆိုတဲ့ အခြားသတင်းဌာနတွေက သတင်းတွေကို ကူးယူပြီး နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆိုထားတာသာ ဖြစ်ပါတယ်။
ဇူလိုင်လ ၂၈ ရက်နေ့မှာ ဖော်ပြထားတဲ့ VOA သတင်းဌာနရဲ့ သတင်းမှာ နေပြည်တော်မှာ ရောက်နေတဲ့ တရုတ် အထူး ကိုယ်စားလှယ် အနေနဲ့ စစ်ကောင်စီ အကြီးအကဲ ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့တယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောထားတယ် ဆိုပေမယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ အစီအစဉ်မရှိဘူးလို့ ပြန်လည်ဖြေကြားထားပါတယ်။
VOA ရဲ့ သတင်းထဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်ထောင်စု လွှတ်တော် နာယက ဦးတီခွန်မြတ် တွေ့ဆုံတယ်ဆိုတဲ့ သတင်းတွေကိုလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက မဟုတ်မှန်ဘူးလို့ ငြင်းဆိုခဲ့တဲ့အပြင် အာရှနိုင်ငံတွေက ထိပ်တန်း ခေါင်းဆောင်တွေ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ ပြင်ဆင်နေမှုအပေါ်မှာလည်း အစီအစဉ်မရှိဘူးလို့ ပြောထားတယ်လို့ ရေးသားထားပါတယ်။
VOA သတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်းအပြည့်အစုံကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု သူများအောင် သတင်းခေါင်းစဉ် ဓါတ်ပုံတွေမှာ လိမ်ညာရေးသားပြီး ကြည့်ရှုများအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။