ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ MM TOP DAILY ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ နိုင်ဝင်ဘာလ 16 ရက် ညနေပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၈ မိနစ်နီးပါး ရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'မအလဇာတ်သိမ်းပြီ။ နေပြည်တော်မှာ NUG အလံ စိုက်ထူလိုက်ပြီ။ NUG နှင့် တွေ့ဆုံဖို့ မအလ ကိုယ်တိုင်ကမ်းလှမ်း' လို့ ရေးသား ဖြန့်ဝေနေတာပါ။
ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
ဖြန့်ဝေနေတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက် ကြည့်ရှုသူများအောင် လုပ်ကြံ ရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။
ဗီဒီယိုဖိုင်ထဲမှာ နေပြည်တော်မှာ NUG အလံ စိုက်ထူလိုက်ပြီဆိုတဲ့ အကြောင်းအရာ မပါဝင်ပါဘူး။ NUG နှင့် တွေ့ဆုံဖို့ စစ်ခေါင်းဆောင်က ဖိတ်ကြားတယ်ဆိုတဲ့ အကြောင်းအရာကိုလည်း သက်သေအထောက်အထား တစ်စုံတစ်ရာ မရှိပဲ နေပြည်တော် တခါးပိတ် အစည်းအဝေးအတွင်းမှာ ပြောကြားတယ်ဆိုပြီး ပြောဆိုထားတာဖြစ်ပြိး ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာ ဖော်ပြထားတာလည်း မရှိပါဘူး။
ကျန်အကြောင်းအရာ တွေကိုတော့ တခြားသတင်းဌာနတွေက သတင်းတွေကို ကူးယူပြီး နောက်ခံစကားပြောနဲ့ ပြန်လည် ပြော ထားတာသာ ဖြစ်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ ပေချ့်အများစုဟာ ဝင်ရောက်ကြည့်ရှု သူများအောင် သတင်းခေါင်းစဉ် ဓါတ်ပုံတွေမှာ လိမ်ညာရေးသားပြီး ကြည့်ရှုများအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတာကို တွေ့ရပါတယ်။