ဒီအကြောင်းအရာကို Khit Thit Burma News ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ နိုဝင်ဘာ ၁၈ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၇ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'ရေးဘီလူးအဖွဲ့ လက်စွမ်းပြလိုက်ပြီ။ အာရှလမ်းမပေါ်မှာ ရဟက်ယာဉ်ပစ်ချ။ စစ်ထောက်လှမ်းရေးများ သေကုန်ပြီ' လို့ ရေးသား ထားတာပါ။
ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။
ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
အာရှလမ်းမပေါ်မှာ ရဟတ်ယာဉ်တစ်စီး ရေးဘီလူးအဖွဲ့ ပစ်ချတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ဟာ Khit Thit Media သတင်းဌာနမှာ နိုဝင်ဘာ ၁၇ ရက်နေ့က ဖြန့်ဝေထားတဲ့ 'ရေးမြို့နယ်တွင် ခမရ ၃၄၃ မှ စစ်သား ၁ ဦး အရပ်ဝတ်ဖြင့် စုံစမ်းရေး လုပ်နေစဉ် ရေးဘီလူး အဖွဲ့က အရှင်ဖမ်းဆီး' ဆိုတဲ့ သတင်းကို နောက်ခံ စကားပြောနဲ့ ပြန်လည် ပြောဆိုထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။
သတင်းထဲမှာ မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်း ခမရ ၃၄၃ မှ အကြမ်းဖက် စစ်သား ၁ ဦး အရပ်ဝတ်နဲ့ စုံစမ်းရေး လုပ်နေစဉ် အရှင်ဖမ်းဆီးရရှိခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်ရှိရာ အာယုတောင်လမ်းဝရှိ ခမရ ၃၄၃ တပ်အနီး ရော်ဘာခြံတစ်ခြံမှာ အရပ်ဝတ်နဲ့ စုံစမ်းရေးလုပ်နေတဲ့ စစ်ကောင်စီတပ်သား ၁ ဦး ကို ရေးဘီလူးအဖွဲ့က သွားရောက် ဖမ်းဆီးခဲ့တာဖြစ်ကြောင်း ရေးသားထားပါတယ်။
ဒီသတင်းထဲမှာ ရဟတ်ယာဉ်တစ်စီး ရေးဘီလူးအဖွဲ့ ပစ်ချတယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်သလို အခြား ယုံကြည် စိတ်ချရတဲ့ သတင်းဌာနတွေမှာ ဖော်ပြထားတာလည်း မရှိပါဘူး။
Khit Thit Media မှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။