ဒီအကြောင်းအရာကို ဘာသာရေးအကြောင်းအရာတွေကို ရေးသားဖြန့်ဝေနေတဲ့ Buhddha Dham Ma ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဖေဖေါ်ဝါရီ ၂၈ ရက်နေ့က စတင်ဖြန့်ဝေထားတာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။
ဖြန့်ဝေရာမှာ ခရစ်ယာန် ဘုရားကျောင်းတစ်ခုရဲ့ အမိုးပေါ်မှာ လူနဲ့တူပြီး အတောင်ပံပါတဲ့ သတ္တဝါတစ်ကောင် လှုပ်ရှားနေတဲ့ ၂၈ စက္ကန့်ကြာ ဗီဒီယိုကလစ် တစ်ခုနဲ့အတူ 'ကိုရိုနာမဖြစ်ခင် ရက်ပိုင်းအလို အီတလီနိုင်ငံ အဆောင်တစ်ဆောင်၏ ခေါင်းမိုးပေါ်မှာ နိမိတ်ပြသလို ရောက်ရှိလာတဲ့ ထူးဆန်းသော တိရိစ္ဆာန်တစ်ကောင်ဖြစ်ခဲ့ပါတယ်။ တယူသန်ကြီးပြီး အယူမတိန်းနဲ့ ဘဝလမ်းကြောင်း ဘတ်ပြောင်းသွားလိမ့်မယ်။ ဒီအကောင်က လူလက်လူခြေနဲ့တူပြီး အတောင်ပံပါတဲ့ တိရိစ္ဆာန်တစ်ကောင်ဖြစ်တယ်' လို့ ရေးသားထားတာပါ။
ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
ဒီအကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ ကွန်ပျူတာ နည်းပညာနဲ့ ပြုပြင်ဖန်တီးထားတဲ့ ဗီဒီယိုကလစ်တစ်ခုသာ ဖြစ်ပါတယ်။ လူနဲ့တူပြီး အတောင်ပံပါတဲ့ တိရိစ္ဆာန်တစ်ကောင် မဟုတ်ပါဘူး။
ဒီဗီဒီယိုကလစ်ရဲ့ မူရင်းရုပ်သံဖိုင်ကို ‘JJPD Producciones’ ဆိုတဲ့ Youtube ချန်နယ်မှာ ၂၀၁၉ ခုနှစ် ဇွန်လ ၃ ရက်နေ့မှာ စပိန်ဘာသာ စကားနဲ့ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပါတယ်။ မူရင်းရုပ်သံဖိုင်မှာတော့ ကြာချိန် ၃ မိနစ်နဲ့ ၃၀ စက္ကန့်ကြာမြင့်ပြီး စပိန်ဘာသာ စကားနောက်ခံနဲ့ တင်ထားခဲ့တာ ဖြစ်ပါတယ်။
ဒီ Youtube ချန်နယ်က ဖြန့်ဝေထားတဲ့ မူရင်းအောက်မှာလည်း စပိန်ဘာသာစကားနဲ့ ဒီရုပ်သံဖိုင်ဟာ ကွန်ပျူတာနည်းပညာ CGI Video (Computer Generated Image) နဲ့ စိတ်ကူးယဉ် ဖန်တီးထားခြင်းသာ ဖြစ်တယ်လို့ ရေးသားထားပါတယ်။
မူရင်း ဗီဒီယိုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။