အဆိုပါ သတင်းအတုကို YouTube ချန်နယ်တစ်ခုက ဧပြီလ ၂၅ ရက်နေ့မှာ ဖြန့်ထားတာ ဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၁ မိနစ်ခွဲကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲသုံးထားတာ ဖြစ်ပါတယ်။ Video ရဲ့ နောက်ခံမှာ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ဓါတ်ပုံရယ်၊ မောင်းသူမဲ့ လေယာဉ်တစ်စီးရဲ့ ဓါတ်ပုံရယ်၊ ဒေါက်တာဆာဆာရဲ့ ဓါတ်ပုံရယ် UN အကြီးအကဲ တစ်ဦးပါဝင်တဲ့ ဓါတ်ပုံတွေကို အသုံးပြုထားပြီး ဓါတ်ပုံပေါ်မှာ “မင်းအောင်လှိုင်ကို ဒရုန်း ဗုံးကြဲပြီးသတ်ဖို့ UN က မောင်းသူမဲ့ဒရုန်း အစီး (၂၀၀) NUG ကိုပေး တော်လှန်ရေး အောင်ပြီလို့ ကြွေးကြော်” (မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။
မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။
အဆိုပါ Video ကို YouTube ပေါ်ဝင်ရောက်ကြည့်ရှုထားသူ များစွာရှိနေပါတယ်။
သတင်းဆန်းစစ်ချက်
UN က အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို မောင်းသူမဲ့ဒရုန်း အစီး ၂၀၀ ပေးအပ်တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။
UN က မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး စစ်ရေးအရ အကူအညီပေးခြင်း ယခင်ကလည်း မရှိသလို ယခုအထိလည်း မရှိသေးပါဘူး။ စစ်ကောင်စီရဲ့ ငွေကြေးတွေ ဘဏ်တွေကို ဒဏ်ခတ်ပိတ်ဆို့မှုသာ ရှိပါတယ်။ သတင်းအမှား Video ထဲမှာ ပြောထားသလို UN က NUG ကို မောင်းသူမဲ့ ဒရုန်းတွေ ပေးခြင်းမရှိသလို မြန်မာနိုင်ငံအတွင်းက မည်သည့်အဖွဲ့ကိုမှ ထောက်ပံ့ခြင်း မရှိပါဘူး။ သတင်းအမှားဖြန့်သူတွေက လုပ်ကြံရေးသားထားခြင်းသာ ဖြစ်ပါတယ်။
ဒါ့အပြင် ဒီအကြောင်းအရာကို မည်သည့်သတင်းဌာန မည်သည့်အဖွဲ့အစည်းမှာမှ ဖော်ပြထားခြင်းမရှိသလို သတင်းအမှားဖြန့်သူတင်ထားတဲ့ Video ထဲမှာလည်း မပါဝင်ပါဘူး။
သတင်းအမှားဖြန့်ထားတဲ့အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့သတင်းတွေ ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။