အဆိုပါ သတင်းအတုကို Me and My Country ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်က ဇွန်လ ၁၈ ရက်နေ့ ညပိုင်းမှာ ဖြန့်ဝေထားတာဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၉ မိနစ်ခွဲခန့် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာဖြစ်ပြီး Video ရဲ့ နောက်ခံမှာ ထိုင်း စစ်ခေါင်းဆောင်တွေနဲ့ မြန်မာ့ အာဏာသိမ်းစစ်ခေါင်းဆောင်တွေရဲ့ ဓါတ်ပုံတွေကို ဖော်ပြထားပြီး ဗီဒီယိုခေါင်းစဉ်မှာ “၁၈ ရက်နေ့ ည ၁၀ နာရီခွဲ သတင်းထူး၊ ထိုင်းစစ်တပ် ဖျက်သိမ်းခံရပြီ၊ မအလ မျက်ခုံးလှုပ်လာပြီ” ဆိုတဲ့ခေါင်းစဉ်နဲ့ ရေးသားထားတာဖြစ်ပါတယ်။။ အဆိုပါ Video ကို လူမှုကွန်ယက်ပေါ် ဖြန့်ဝေရာမှာ “ထိုင်းစစ်တပ် ဖျက်သိမ်းခံရလို့ပွဲဆူပြီဟေ့ မအလ မျက်ဖြူဆိုက်နေပြီ” လို့ ရေးသားထားပါတယ်။
မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။ ဒီ Video ကို ဖေ့စ်ဘွတ်ပေါ်မှာနဲ့ YouTube ပေါ်မှာ ဖြန့်ဝေထားကြပြီး ဝင်ရောက်ကြည့်ရှု သူ များစွာရှိနေပါတယ်။
သတင်းဆန်းစစ်ချက်
ဒီအကြောင်းအရာဟာ ဝင်ရောက်ကြည့်ရှု သူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုတစ်ပုဒ်သာဖြစ်ပါတယ်။ ထိုင်းစစ်တပ်က ဖျက်သိမ်းခံရခြင်း မရှိသလို ဒီအကြောင်းအရာကို မည်သည့်သတင်းဌာန ၊ အဖွဲ့အစည်းကမှလည်း ရေးသားဖော်ပြထားခြင်း မရှိပါဘူး။ သတင်းအမှားဖြန့်သူတွေကသာ လုပ်ကြံရေးသားထားခြင်း ဖြစ်ပါတယ်။
ဒါ့အပြင် သတင်းအမှားဖြန့်သူတွေ တင်ထားတဲ့ Video အထဲမှာလည်း ဒီအကြောင်းအရာ မပါဝင်ပါဘူး။ ဒီ Video ထဲမှာ တစ်ခြား သတင်းအကြောင်းအရာတွေနဲ့ စစ်ရေးသတင်းတွေကိုသာ ဖော်ပြထားပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု သူများအောင် သတင်းခေါင်းစဉ် ဓါတ်ပုံတွေမှာ လိမ်ညာရေးသားပြီး ကြည့်ရှုများအောင်ပြုလုပ်ထားတဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။