သတင်းအတု

PDF လူငယ်တွေ ဝက်သားစားလို့ အသေအပျောက်များတယ် ဆိုတဲ့ သတင်းအတု

NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် က စစ်သင်တန်းတက်တဲ့ လူငယ်တွေ ဝက်သားစားလို့ အသေအပျောက် များနေတာလို့ ပြောထားတယ်ဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar | 28 Sept 2021 5:54 PM IST

PDF လူငယ်တွေ ဝက်သားစားလို့ အသေအပျောက်များတယ် ဆိုတဲ့ သတင်းအတု

အဆိုပါ သတင်းအမှားကို သတင်းစာပါ သတင်းပုံစံ ဖန်တီးပြီး ဖေ့စ်ဘွတ်အကောင့်တုတွေနဲ့ စက်တင်ဘာလ ၂၇ ရက်နေ့မှာ ဖြန့်ဝေလာတာကို တွေ့ရပြီး သတင်းအမှားရဲ့ ခေါင်းစဉ်မှာ "ဝက်သားစားခြင်းကြောင့် PDF အဖွဲ့များ အသေအပျောက်များဟု NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ဆို" ဆိုတဲ့ ခေါင်းစဉ်ကို တပ်ထားပါတယ်။

၎င်းသတင်းအမှားရဲ့ အတွင်းမှာတော့ "တောတွင်းမှာ စစ်သင်တန်းတက်နေကြသည့် PDF လူငယ်များသည် ဝက်သားဟင်း မကြာခဏ ချက်စားကြသည်ကို ကြားသိရကြောင်း၊ စစ်တိုက်နေသည့် ကာလများတွင် ဝက်သားကို အထူးရှောင်ကျဉ်ရန်လိုကြောင်း၊ နယ်ပိုင် တောပိုင်များသည်လည်း ဝက်သားစားသည်ကို မနှစ်သက်ကြောင်းနှင့် PDF လူငယ်များတိုက်ပွဲမှာ အသေအပျောက်များနေရခြင်းသည် ဝက်သားစားခြင်းကြောင့် ဖြစ်ကြောင်း NUG အစိုးရ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ဆိုပါတယ်။မြို့ပေါ်မှ အလှူရှင်များအနေနဲ့လည်း ဝက်သားခြောက်၊ ဝက်အူချောင်းစတဲ့ အစားအစာများလှူဒါန်းခြင်းကို ရှောင်ပေးဖို့ လိုကြောင်း၊ သို့မှသာမိမိတို့ တော်လှန်ရေးကြီး အောင်မြင်မှာဖြစ်ကြောင်းတို့ကို ပြောကြားသွားတယ်လို့ သတင်းရရှိပါတယ်။ ဖော်ပြပါ သတင်းအချက်အလက်တွေကို လွတ်မြောက်နယ်မြေရောက် ဖဒိုစောစီးမူးက သတင်းပေးပို့ထားတာပဲ ဖြစ်ပါတယ်။ (မူရင်းဖော်ပြထားသည့်အတိုင်း) " လို့ ရေးသားထားပါတယ်။

မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာဒီနေရာဒီနေရာ နဲ့ ဒီနေရာ မှာကြည့်ပါ။

အဆိုပါ သတင်းအမှားကို တပ်မတော် ထောက်ခံတဲ့ ဖေ့စ်ဘွတ်ဂရုတွေ၊ မဘသထောက်ခံသူတွေ သီးသန့်ရှိတဲ့ ဖေ့စ်ဘွတ်ဂရုတွေကနေ ဖြန့်ဝေနေကြပြီး အစ္စလာမ်ဘာသာဝင် တွေကိုရည်ညွှန်းပြီး ဘာသာရေးတိုက်ခိုက်လေ့ရှိတဲ့ စကားလုံးတွေနဲ့ ဦးရည်မွန်အပေါ် မှတ်ချက်ပေး ရေးသားနေတာကို တွေ့ရပါတယ်။

သတင်းဆန်းစစ်ချက်

NUG ကာကွယ်ရေးဝန်ကြီးက စစ်သင်တန်းတက်တဲ့လူငယ်တွေ ဝက်သားမစားဖို့ ပြောထားတယ် ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် ဆန်းစစ်ကြည့်တဲ့အခါ သတင်းစာပုံစံဖန်တီးပြီး ဖြန့်ထားတဲ့ သတင်းအမှားဖြစ်ကြောင်း တွေ့ရပါတယ်။

သတင်းစာပါ သတင်းတွေဟာ စကားပြေပုံစံနဲ့သာ ဖော်ပြကြတာဖြစ်ပြီး စကားပြောပုံစံနဲ့ ရေးသားလေ့မရှိပါဘူး။ သတင်းစာပါ သတင်းပုံစံ ဖန်တီးပြီး သတင်းအမှားဖြန့်ထားပေမယ့် စကားပြေ အရေးအသားကို နိုင်နင်းစွာ မရေးနိုင်ဘဲ စကားပြောပုံစံနဲ့ ရေးထားတာကို တွေ့ရပါတယ်။

ဒါ့အပြင် NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ဒီအကြောင်းအရာကို မည်သည့်သတင်းဌာနကိုမှ ပြောကြားထားခြင်း မရှိသလို ၎င်းရဲ့ ဖေ့စ်ဘွတ်မှာလည်း ရေးသားထားတာ မတွေ့ရပါတယ်။ အခုလို သတင်းစာပုံစံနဲ့ ဖြန့်တဲ့ သတင်းအမှားတွေဟာ ရွေးကောက်ပွဲ မတိုင်ခင်ထဲက မကြာခဏဆိုသလို ဖြန့်ဝေလေ့ရှိတာကို တွေ့ရပြီး ဒီရက်ပိုင်းထဲ ဆက်တိုက်ပြန်ဖြန့်ဝေနေတာကို တွေ့ရပါတယ်။

သတင်းစာပုံစံ ဖြန့်ဝေလေ့ရှိတဲ့ သတင်းအတု တွေက အောက်ပါ link တွေမှာ ဖတ်ပါ။

ဦးဝင်းထိန် က ဒေါ်အောင်ဆန်းစုကြည်အပေါ် အပြစ်တင်ထားတယ်ဆိုတဲ့ သတင်းအတု

NUG လုပ်ရပ်တွေအပေါ် ဒေါ်စုမှတ်ချက်ပြုမထားပါ

ပြည်ခိုင်ဖြိုးကို တိုက်ခိုက်ကြောင်း သတင်းစာပုံစံ ဖန်တီးထားတဲ့ သတင်းအတု

ဆန္ဒပြသူတွေကို နှိမ်နှင်းဖို့ သမ္မတက အမိန့်ပေးခဲ့တယ်ဆိုတဲ့ သတင်းအမှား

မဲမသမာမှုတွေကြောင့် ဦးဝင်းထိန် နုတ်ထွက်တယ်ဆိုတဲ့ သတင်းအမှား

မဲစာရင်းနှင့်ကော်မရှင်ကိစ္စ ဒေါက်တာမျိုးညွန့်ပြောဆိုထားခြင်းမရှိ



 


Tags:

Related Stories