အဆိုပါ သတင်းအတုကို YouTube ချန်နယ်တစ်ခုက ဩဂုတ်လ ၃၀ ရက်နေ့မှာ ဖြန့်ထားတာ ဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၂ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာ ဖြစ်ပါတယ်။
Video ရဲ့ နောက်ခံမှာ NUG ယာယီ သမ္မတဓါတ်ပုံရယ်၊ စစ်ကောင်းစီခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ဓါတ်ပုံရယ်တွေကို သုံးထားပြီး ဓါတ်ပုံပေါ်မှာ “ရန်ကုန်လေဆိပ်ကြီး NUG သိမ်းပိုက်ပြီ။ NUG သမ္မတမှ အရေးပေါ် ပစ်မိန့်ပေးလိုက်ပြီ” (မူရင်း ရေးသားထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။
မူရင်း ရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။
အဆိုပါ သတင်းအတုကို YouTube ပေါ်မှာ ဝင်ရောက်ကြည့်ရှုထားသူ များစွာ ရှိနေပါတယ်။
သတင်းဆန်းစစ်ချက်
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို NUG သိမ်းပိုက်လိုက်တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။
စစ်ကောင်စီဟာ နိုင်ငံအနှံ့မှာ စခန်းသိမ်းခံရတာတွေ ရှုံးနှိမ့်တာတွေ ကြုံတွေ့နေရပြီး နယ်မြေများစွာ ဆုံးရှုံးနေပါတယ်။ ဒါပေမယ့် ရန်ကုန်မြို့နဲ့ ရန်ကုန်လေဆိပ်ကိုတော့ အပြည့်အဝ ထိန်းချုပ်ထားဆဲ ဖြစ်ပါတယ်။ NUG အပါအဝင် မည်သည့်အဖွဲ့ကမှ သိမ်းပိုက်နိုင်ခြင်း မရှိပါဘူး။
ဒါ့အပြင် ဒီအကြောင်းအရာကို မည်သည့်သတင်းဌာန မည်သည့်အဖွဲ့အစည်းမှာမှ ဖော်ပြထားခြင်းမရှိသလို သတင်းအမှားဖြန့်သူတင်ထားတဲ့ Video ထဲမှာလည်း မပါဝင်ပါဘူး။
သတင်းအမှားဖြန့်ထားတဲ့အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့သတင်းတွေ ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။