အဆိုပါ သတင်းအတုကို YouTube ချန်နယ်တစ်ခုက နိုဝင်ဘာလ ၆ ရက်နေ့မှာ ဖြန့်ဝေထားတာ ဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၉ မိနစ်နီးပါး ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာ ဖြစ်ပါတယ်။ Video ရဲ့ နောက်ခံမှာ စစ်ကောင်စီခေါင်းဆောင်ရဲ့ ဓါတ်ပုံရယ် သတင်းကြေညာသူတစ် ပါဝင်တဲ့ ဓါတ်ပုံတွေကို အသုံးပြုထားပြီး ဓါတ်ပုံပေါ်မှာ “၆ ရက်နေ့ ခေါင်းရှောင်သွားပြီဟေ့ စစ်ရှုံးနိမ့်နေတဲ့ အကြမ်းဖက် မင်းအောင်လှိုင် ရာထူးမှ ရုတ်တရက် နုတ်ထွက်လိုက်ပြီဗျို့။ MWD သတင်းဌာန အတည်ပြုထုတ်ပြန်ကြေညာ” (မူရင်း ဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။
မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။
အဆိုပါ Video ကို ၁ ရက်အတွင်း ဝင်ရောက်ကြည့်ရှုထားသူ ၅၈၀၀၀ ကျော် ရှိနေပါတယ်။
သတင်းဆန်းစစ်ချက်
စစ်ရှုံးနှိမ့်နေတဲ့အတွက် စစ်ကောင်စီခေါင်းဆောင်က ရုတ်တရက် ရာထူးက နုတ်ထွက်သွားပြီဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
အောက်တိုဘာလ ၂၇ ရက်နေ့မှာ မြောက်ပိုင်းမဟာမိတ်တပ်တွေက စစ်ဆင်ရေး ၁၀၂၇ ဆိုပြီး စစ်ကောင်စီရဲ့ တပ်စခန်းတွေကို တစ်ပြိုင်နက်တိုက်ခိုက်ကာ ရှမ်းပြည်မြောက်ပိုင်းက တပ်စခန်း ၁၀၀ ကျော်ကို သိမ်းပိုက်ထားနိုင်ပြီး၊ ပြည်သူ့ကာကွယ်ရေးတပ်တွေကလည်း ကောလင်းမြို့ကို ထပ်မံသိမ်းပိုက်ထားနိုင်ပါတယ်။ စစ်ကောင်စီဘက်က စစ်ရှုံးမှုတွေ ၊ စခန်းသိမ်းခံရမှုတွေ ဖြစ်ပေါ်နေပေမယ့် စစ်ကောင်စီခေါင်းဆောင်က ရာထူးက နုတ်ထွက်သွားခြင်း မရှိပါဘူး။
ဒါ့အပြင် ဒီအကြောင်းအရာကို မည်သည့်ဌာန၊ မည်သည့်အဖွဲ့အစည်းမှာမှ ဖော်ပြထားခြင်း မရှိသလို သတင်းအမှားဖြန့်သူတွေ တင်ထားတဲ့ Video အတွင်းမှာလည်း ဒီအကြောင်းအရာ မပါဝင်ပါဘူး။ Video အတွင်းမှာလည်း တစ်ခြားသတင်းအကြောင်းအရာတွေကိုသာ ဖော်ပြထားပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် သတင်းခေါင်းစဉ်တွေမှာ လိမ်ညာရေးသားထားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန် ရအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။