အဆိုပါ သတင်းအမှားကို Elvis Cruz ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်က ဇူလှိုင်လ ၁၄ ရက်နေ့မှာ တင်ထားတာ ဖြစ်ပြီး Website တစ်ခုရဲ့ Link ကို ကူးယူဖော်ပြကာ "ပျော်လွန်းလို့မျက်ရည်ကျ။ ဗိုလ်ချုပ်မြထွန်းဦးမိသားစု လေယဥ်ပါယူပြီးNUGနဲ့ပေါင်းပြီ။" (သတ်ပုံ မူရင်းအတိုင်း) လို့ ရေးသားထားပါတယ်။ ၎င်း Website link ရဲ့ Feature Photo ပေါ်မှာ စစ်ကောင်စီ ဗိုလ်ချုပ်မြထွန်းဦးဟာ မိသားစု လေယာဉ်နဲ့ NUG ထံလာရောက်ပူးပေါင်းတဲ့အတွက် မျက်ရည်ပါကျတယ်လို့ ရေးသားထားပါတယ်။ ၎င်း website link ရဲ့ အတွင်းမှာတော့ YouTube Video တစ်ပုဒ်ကို တင်ထားပါတယ်။
မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ ၊ ဒီနေရာ ၊ ဒီနေရာ နဲ့ ဒီနေရာ မှာ ကြည့်ပါ။
အဆိုပါ သတင်းအမှားကို တစ်ခြားဖေ့စ်ဘွတ်ပေ့ချ်တွေ လူများတဲ့ ဖေ့စ်ဘွတ်ဂရုတွေထဲကို အကောင့်တုတွေနဲ့ ဖြန့်ဝေထားကြတာဖြစ်ပါတယ်။
သတင်းဆန်းစစ်ချက်
စစ်ကောင်စီ ဗိုလ်ချုပ်မြထွန်းဦးဟာ မိသားစုလေယာဉ်နဲ့အတူ NUG ထံလာရောက် ပူးပေါင်းတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု့သူများအောင် ခေါင်းစဉ်ကို လိမ်ညာရေးသားထားတာ ဖြစ်ကြောင်း တွေ့ရပါတယ်။
ဗိုလ်ချုပ်မြထွန်းဦးဟာ စစ်ကောင်စီလက်အောက်ခံ ကာကွယ်ရေးဝန်ကြီးဌာနက ပြည်ထောင်စုဝန်ကြီးတစ်ဦးဖြစ်ပြီး လက်ရှိအချိန်ထိ စစ်ကောင်စီတပ်တွေထဲ တာဝန်ထမ်းဆောင်နေဆဲ ဖြစ်ပါတယ်။ NUG နဲ့ ပူးပေါင်းခြင်း မရှိသလို ဒီအကြောင်းအရာကို မည်သည့် သတင်းဌာနကမှလည်း ဖော်ပြရေးသားထားခြင်း မရှိပါဘူး။
၎င်းဟာ ပြီးခဲ့တဲ့ ဇွန်လက အာဆီယံအစည်းအဝေးကို စစ်ကောင်စီကိုယ်စားပြုအနေနဲ့ တက်ရောက်ခဲ့ပြီး စစ်ကောင်စီရဲ့ သဘောထားတွေ ရှေ့ဆက်လုပ်ဆောင်မယ့် ကိစ္စတွေကို ဆွေးနွေးခဲ့ကာ မြန်မာပြည်သူတွေ သပိတ်မှောက်ထားတဲ့ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်ကို သွားရောက်တွေ့ဆုံ ဂါရဝ ပြုခဲ့ပါသေးတယ်။ ၎င်း အာဆီယံ အစည်းအဝေး တက်ရောက်ခဲ့တဲ့ သတင်းကို ဒီနေရာမှာ ဖတ်ပါ။
သတင်းအမှားဖြန့်သူတွေတင်ထားတဲ့ ဗိုလ်ချုပ်မြထွန်းဦး NUG နဲ့ ပူးပေါင်းတယ်ဆိုတဲ့ YouTube Video ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာတော့ ၎င်း Video ဟာ ၂ မိနစ်နဲ့ ၂၃ စက္ကန့်ကြာမြင့်ပြီး "မင်းအောင်လှိုင်အားကျခဲ့ရသော သီရီလင်္ကာ" ဆိုတဲ့ သတင်းကို ဖော်ပြထားပါတယ်။ မြထွန်းဦးနဲ့ ပတ်သက်တဲ့ အကြောင်းအရာ တစ်လုံးမှ မပါဝင်ပါဘူး။
ဒီသတင်းအမှားဖြန့်ထားတဲ့ အဖွဲ့တွေဟာ သတင်းခေါင်းစဉ်မှာ လူအများဝင်ရောက်ကြည့်ရှု့အောင် လိမ်ညာရေးသားပြီး ကြည့်ရှု့သူအရေအတွက် များလာတဲ့အခါ YouTube နဲ့ Google က ဝင်ငွေပြန်ရတဲ့ Clickbaits သတင်းတွေဖြန့်နေတဲ့ အဖွဲ့တွေ ဖြစ်တာကို တွေ့ရပါတယ်။