အဆိုပါ သတင်းအမှားကို Daily Myanmar ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်က တင်ထားတာ ဖြစ်ပြီး website link တစ်ခုကို ရှယ်ကာ ရေးသားထားတာ ဖြစ်ပါတယ်။ အဆိုပါ website ထဲမှာတော့ မသမာသူတွေနဲ့ IT သမားတွေ ပေါင်းပြီး အကောင့်တွေ စတင် Hack နေကြောင်း၊ မိမိ အကောင့်လုံခြုံရေးကို စမ်းသပ်ဖို့ ကွန့်မန်မှာ GRATULA လို့ ရေးပြီး စစ်ဆေးနိုင်ကြောင်း၊ ၎င်းစာသားကို ရေးသားလိုက်တဲ့အခါ ရောင်စုံ ဘောလုံးလေးတွေ ထွက်လာပြီး အနီရောင်အဖြစ် ပြောင်းသွားရင် မိမိအကောင့် လုံခြုံကြောင်း ၊ အနီရောင် အဖြစ်မပြောင်းဘဲ အမဲရောင်သာ ဆက်ရှိနေရင် အကောင့် လုံခြုံမှု မရှိတော့ဘူးလို့ ရေးသားထားပါတယ်။
အဆိုပါ အကြောင်းအရာကို Like လုပ်ထားသူ ၂ သောင်းကျော်နဲ့ Comment မှာ GRATUAL လို့ ရေးသားသူ ၂ သောင်းကျော်ရှိကာ ထပ်ဆင့်ဝေမျှထားသူ ၁၅၀၀ ကျော်ရှိနေပါတယ်။
မူရင်း ရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။
သတင်းဆန်းစစ်ချက်
ဒီလို ရေးသားဖြန့်ဝေမှုတွေဟာ ၂၀၁၈ ခုနှစ် ကတည်းက နိုင်ငံတကာမှာရော မြန်မာနိုင်ငံက ဖေ့စ်ဘွတ်အသုံးပြုသူတွေကြားမှာ မကြာခဏ ဖြန့်ဝေလေ့ရှိကြပြီး အခု Clickbait နဲ့ ဝင်ငွေရှာနေတဲ့ အဖွဲ့တွေက လူအများဝင်ကြည့်အောင် ရေးသားပြီး ဖြန့်ဝေလေ့ရှိတဲ့အကြောင်းအရာမျိုးသာဖြစ်ပါတယ်။
အခု ရေးသားထားတဲ့ အကြောင်းအရာနဲ့ ဖေ့စ်ဘွတ်အကောင့်လုံခြုံရေး စစ်ဆေးတာဟာ လုံးဝ သက်ဆိုင်းခြင်း မရှိပါဘူး။ GRATULA ဆိုတဲ့ စကားလုံးဟာ ဟန်ဂေရီဘာသာစကားဖြစ်ပြီး Congratulations လို့ အဓိပ္ပါယ်ရကာ ဂုဏ်ယူပါတယ်လို့ ပြောဆိုခြင်း ဖြစ်ပါတယ်။ ဖေ့စ်ဘွတ်က ဆုတောင်းစကားတွေ အတွက် Text Effect ပြုလုပ်ပေးထားပြီး ဘာသာစကားများစွာနဲ့ပါ ပြုလုပ်ပေးထားတဲ့အတွက် Gratula ဆိုတဲ့ စကားလုံးကိုပါ Effect တွေနဲ့ ပြုလုပ်ပေးထားတာ ဖြစ်ပါတယ်။
ဒီလို Text Effect တွေဟာ ဖေ့စ်ဘွတ်အကောင့် လုံခြုံရေးနဲ့ သက်ဆိုင်ခြင်း မရှိပါဘူး။ ဖေ့စ်ဘွတ်အကောင့် လုံခြုံရေးအတွက် Facebook Team က ညွှန်ကြားထားတာတွေကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။