အဆိုပါ သတင်းအတုကို AA အဖွဲ့ကို တိုက်ခိုက်ဖို့ ပြုလုပ်ထားတဲ့ စစ်ကောင်စီရဲ့ ဝါဒဖြန့်တယ်လီဂရမ် ချန်နယ်တွေကနေတဆင့် လူမှုကွန်ယက်ပေါ် ဖြန့်ထားတာဖြစ်ပြီး သတင်းအမှားရဲ့ ခေါင်းစဉ်မှာ “ရခိုင်ပြည်နယ် မင်းပြားမြိုတိုက်ပွဲမှာ AA ခဲဝါအချင်းချင်း ပစ်သတ်” (မူရင်း ဖော်ပြထားသည့်အတိုင်း) လို့ ဖော်ပြထားပါတယ်။ သတင်းအမှားရဲ့ အတွင်းမှာတော့
မင်းပြားမြိုတိုက်ပွဲမှာ AA တပ်ဖွဲ့တွေ အကျအဆုံးများတဲ့အတွက် တိုက်ပွဲက ပြန်ဆုတ်ပြေးတဲ့သူတွေကို AA အဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်တဲ့သူက အမိန့်မနာခံလိုဆိုပြီး ပစ်သတ်ကာ အဓမ္မခြိမ်းခြောက်ကာ တိုက်ပွဲမှာ တိုက်ခိုက် ခိုင်းနေကြောင်း၊ စစ်တပ်က ပြန်ပစ်လို့ သေဆုံးတဲ့သူ များလာချိန် အချင်းချင်း ပစ်သတ်ပြီး အကြောက်တရားနဲ့ ခြိမ်းခြောက် စစ်တိုက်ခိုင်းနေတယ်လို့ ဖော်ပြထားပါတယ်။
မူရင်း ရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။
အဆိုပါ သတင်းအမှားကို တယ်လီဂရမ် ချန်နယ်တွေအပြင် လူမှုကွန်ယက်ပေါ်ပါ ဖြန့်ဝေထားကြပါတယ်။
သတင်းဆန်းစစ်ချက်
ရခိုင်ပြည်နယ် မင်းပြားမြို့တိုက်ပွဲမှာ AA တပ်ဖွဲ့ဝင် အချင်းချင်း ပစ်သတ်တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံရေးသားထားတဲ့ ဝါဒဖြန့် သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။
၁၀၂၇ စစ်ဆင်ရေး စတင်ချိန်ကနေ အခုချိန်ထိ စစ်ကောင်စီရဲ့ တပ်စခန်းတွေကို AA ပါဝင်တဲ့ ညီနောင်မဟာမိတ်တွေက တိုက်ခိုက် သိမ်းပိုက် လာခဲ့တာ စစ်ကောင်စီဘက်က အကျအဆုံး များနေခဲ့ပါတယ်။
AA တပ်ဖွဲ့တွေဟာ ဒီတစ်ခေါက် စစ်ဆင်ရေးမှာ အထိနာချင်းလည်း မရှိသလို အချင်းချင်း စိတ်ဝမ်းကွဲမှု၊ ပစ်ခတ်မှု ဖြစ်စဉ်လည်း မရှိပါဘူး။ စစ်ကောင်စီထောက်ခံသူတွေ ကြားမှာတော့ တပ်ရင်းလိုက် လက်နက်ချတဲ့ဖြစ်စဉ်အပေါ် အမြင်သဘောထား မတူညီမှုတွေ၊ ထောက်ခံမှုတွေ ရှိနေပါတယ်။
မင်းပြားမြို့မှာလည်း တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က အထိနာနေသလို စစ်ကူပို့လိုက်တဲ့ စစ်ကြောင်း တစ်ခုလုံးကို ရက္ခိုင့်တပ်တော် AA က ကြားဖြတ် တိုက်ခိုက် ခဲ့တဲ့အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အများအပြားသေဆုံးပြီး လက်နက်ခဲယမ်းတွေ များစွာ သိမ်းဆည်းရမိခဲ့တယ်လို့ ဓါတ်ပုံတွေ Video တွေနဲ့ ထုတ်ပြန်လာပါတယ်။
AA က ထုတ်ပြန်ထားတဲ့ မင်းပြားမြို့ က စစ်ကောင်စီတပ်တွေ အထိနာတဲ့ သတင်းကို ဒီနေရာမှာ ဖတ်ပါ။
သတင်းအမှားဖြန့်ထားတဲ့အဖွဲ့တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာတော့ စစ်ကောင်စီအတွက် ဝါဒဖြန့်ပေးနေတဲ့ တယ်လီဂရမ်ချန်နယ်တွေ၊ မည်သူမည်ဝါမှန်းဖော်ပြထားခြင်းမရှိတဲ့ ဖေ့စ်ဘွတ်အကောင့်တွေ ဖြစ်တာကို တွေ့ရပြီး စစ်ကောင်စီကို ထောက်ခံအားပေးတဲ့ ဝါဒဖြန့်သတင်းတွေ သတင်းအမှားတွေ ဆက်တိုက်ဖြန့်နေတဲ့ အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။