အဆိုပါ သတင်းအတုကို စစ်ကောင်စီရဲ့ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေကတဆင့် လူမှုကွန်ယက်ပေါ်ဖြန့်ထားတာဖြစ်ပြီး သတင်းအမှားရဲ့ ခေါင်းစဉ်မှာ “ဘူးသီးတောင်မြို့နယ်မှာ AA ခဲဝါအဖွဲ့ကအစ္စလာမ်ဘာသာဝင်တွေကို ထောင်နဲ့ချီ လူမျိုးတုန်းသတ်ဖြတ်” (အသုံးအနှုန်း မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။ သတင်းအမှားရဲ့ အတွင်းမှာတော့ “ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်မှာ AA ခဲဝါအဖွဲ့က မောင်တောမြို့ကို စစ်ဘေးရှောင်သွားမဲ့ အစ္စလာမ်ဘာသာဝင်တွေနဲ့ အခြားမြို့ကစစ်ဘေးရှောင်လာတဲ့ အစ္စလာမ်ဘာသာဝင် ၁၀၀၀ ဦးခန့်ကို AA ခဲဝါစခန်းထဲ ခေါ်ယူပြီး လူမျိုးတုန်းသတ်ဖြတ်မှုတွေလုပ်ခဲ့တယ်လို့ သိရပါတယ်” (မူရင်းအတိုင်း) လို့ ရေးသားထားပါတယ်။
မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။
အဆိုပါ သတင်းအတုကို တယ်လီဂရမ်ချန်နယ်တွေအပြင် ဖေ့စ်ဘွတ်စာမျက်နှာပေါ်ပါ ဖြန့်ဝေထားကြပါတယ်။
သတင်းဆန်းစစ်ချက်
ဘူးသီးတောင်မြို့မှာ AA က အစ္စလာမ်ဘာသာဝင် ထောင်နဲ့ချီကို လူမျိုးတုန်းသတ်ဖြတ်တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံရေးသားထားတဲ့ ဝါဒဖြန့် သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။
အာရက္ခတပ်တော် AA ဟာ ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီစခန်းတွေကို ထိုးစစ်ဆင်ကာ တပ်စခန်းတွေ၊ မြို့တွေအထိပါ သိမ်းပိုက်နိုင်ထားပါတယ်။ စစ်ကောင်စီတပ်တွေဟာ အထိနာနေပြီး ဒေသခံ ပြည်သူလူထုနဲ့ AA ကြား သွေးထိုးလှုံ့ဆော်တဲ့ သတင်းအမှားတွေ မကြာခဏဖြန့်ဝေနေတာပဲ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်က တိုက်ပွဲတွေအတွင်းမှာ ရိုဟင်ဂျာတွေရဲ့ နေအိမ်တွေက AA က မီးရှို့တယ်ဆိုတဲ့ ပြောဆိုမှုတစ်ချို့ရှိခဲ့ပြီး AA ဘက်ကတော့ ငြင်းဆိုထားပါတယ်။ တိုက်ပွဲအတွင်း ရိုဟင်ဂျာတွေတစ်ချို့ ထိခိုက်မှုတွေ ရှိခဲ့ပြီး AA က ရိုဟင်ဂျာထောင်နဲ့ချီလူမျိုးသုန်း သတ်ဖြတ်တယ်ဆိုတဲ့ ဖြစ်စဉ်တော့ မရှိပါဘူး။ လူမျိုးရေး သွေးထိုးလှုံ့ဆော်မှုပြုလုပ်ထားတဲ့ သတင်းအမှားတစ်ပုဒ်သာ ဖြစ်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ ဖေ့စ်ဘွတ်အကောင့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ မည်သူမည်ဝါမှန်း ဖော်ပြထားခြင်း မရှိဘဲ စစ်ကောင်စီအတွက် ဝါဒဖြန့်ချီရေးသတင်းတွေ နိုင်ငံရေးအမြတ်ထုတ်ဖို့ လုပ်ကြံရေးသားထားတဲ့ သတင်းအမှားတွေ ၊ တော်လှန်ရေးအင်အားစုတွေကို တိုက်ခိုက်တဲ့ သတင်းအမှားတွေ မကြာခဏ ဖြန့်ဝေနေတာကို တွေ့ရပါတယ်။