ဒီအကြောင်းအရာတွေကို နိုင်ဝင်ဘာလ ၁၂ ရက်နေ့ နေ့လည်ပိုင်းမှာ စတင်ပြီး စစ်တပ်ထောက်ခံတဲ့ ဖေစ့်ဘွတ်အကောင့်တွေနဲ့ ဂရုတွေမှာ ဖြန့်ဝေနေတာဖြစ်ပြီး လူအများအပြားတွဲလျက် လက်ပြန်ကြိုးတုပ်နှောင်ခံထားရတဲ့ ပုံတွေလည်းပါဝင်ပါတယ်။
ပိုစ့်ထဲမှာ "ပန်းဆက် ၊တောင်ဖြူ ၊ရွာသာ၊ကျောက်ခဲတက်၊ကုန်းရင်း စသောရွာများမှ PDF (၅၆)ဖမ်းဆီးရမိ။ ဒဏ်ရာရ PDF များကို ကုသပေးရာမှ (၈)ယောက် သေဆုံး။ အရှင် (၄၈)ယောက်ကျန်။ ၎င်း ရွာများသည် မင်းကင်းမြို့နယ်နှင့် ဆက်စပ်နေသော ရွာများဖြစ်ကြောင်းသိရ" လို့ ရေးသားထားပါတယ်။
ဖြန့်ဝေနေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
ဖြန့်ဝေရာမှာ ပါဝင်တဲ့ ဓါတ်ပုံတွေကို ဆန်းစစ်ကြည့်ရာမှာ ဒီပုံတွေဟာ ဇူလိုင်လ နောက်ဆုံးပတ်အတွင်းက စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ ဖမ်းဆီးခံခဲ့ရတဲ့ ဒေသခံ ပြည်သူ့ ကာကွယ်ရေးအဖွဲ့ဝင်တွေရဲ့ ပုံတွေပဲ ဖြစ်ပါတယ်။ ဒီတိုက်ပွဲမှာ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးအဖွဲ့ရဲ့ ထောင်ချောက်ဆင်မှုကြောင့် ပြည်သူ့ကာကွယ်ရေး အဖွဲ့ဝင် ၅၀ ကျော် ဖမ်းဆီးခံခဲ့ရပါတယ်။
ဒီသတင်းကို ဧရာဝတီသတင်းဌာနမှာ ဇူလိုင်လ ၂၉ ရက်နေ့က ဖော်ပြထားပြီး ပါဝင်တဲ့ ဓါတ်ပုံအချို့ကို တိုက်ဆိုင်စစ်ဆေးနိုင်ဘို့ အောက်မှာဖော်ပြထားပါတယ်။
အထက်ပါပုံမှာ ပြထားတဲ့ ဝဲဘက်က မတ်တပ်ရပ်နေတဲ့ ပုံဟာ ဖြန့်ဝေနေတဲ့ ပုံတွေထဲက တစ်ပုံဖြစ်ပြီး ယာဘက်က ထိုင်နေတဲ့ပုံကတော့ ဧရာဝတီသတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်းထဲက ပုံပဲဖြစ်ပါတယ်။ ပုံနှစ်ပုံမှာ ပါဝင်သူတွေရဲ့ အဝတ်အစားတွေကို ကြည့်ရုံနဲ့ ဒီပုံတွေရဲ့ မူရင်းအဖြစ်အပျက်ကို သိရှိနိုင်မှာ ဖြစ်ပါတယ်။
ဧရာဝတီသတင်းဌာနက ဖော်ပြခဲ့တဲ့ သတင်းကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။