အဆိုပါ သတင်းအတုကို YouTube ချန်နယ်တစ်ခုက စက်တင်ဘာလ ၁၇ ရက်နေ့မှာ ဖြန့်ထားတာ ဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၁ မိနစ်ခန့် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာ ဖြစ်ပါတယ်။ Video ရဲ့ နောက်ခံမှာ လေယာဉ်တွေပါဝင်တဲ့ ဓါတ်ပုံတစ်ပုံရယ်၊ ရန်ကုန်လေဆိပ် ဓါတ်ပုံရယ်၊ သေနတ်ကိုင်ထားတဲ့ လုံခြုံရေးတပ်ဖွဲ့လို့ ယူဆရသူတွေ ပါဝင်တဲ့ ဓါတ်ပုံရယ် မီးလောင်နေတဲ့ ဓါတ်ပုံတွေကို သုံးထားပြီး ဓါတ်ပုံပေါ်မှာ “ရန်ကုန်လေဆိပ်မှာ ငိုသံတွေ ပွက်လောရိုက်ကုန်ပြီ။ လေကြောင်းလိုင်း ပိတ်သိမ်းလိုက်ပြီ။ NUG ရှော့တိုက်ဒုံး အလုံး ၁၀၀ ပစ်ထည့်လိုက်လို့ ရဲနဲ့ စစ်ခွေး (၂၀၀) ကျော် အတုံးအရုန်း သေကုန်ပြီ” (မူရင်း ရေးသားထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။
မူရင်း ရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။
အဆိုပါ သတင်းအတုကို YouTube ပေါ်မှာ ဝင်ရောက်ကြည့်ရှုထားသူ များစွာရှိနေပါတယ်။
သတင်းဆန်းစစ်ချက်
ရန်ကုန်လေဆိပ် ရှော့တိုက်ဒုံးနဲ့ ပစ်ခံရလို့ ရဲနဲ့ စစ်သားတွေ ရာချီသေဆုံးတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။
ရန်ကုန်လေဆိပ်ကို မည်သည့်အဖွဲ့ကမှ ရှော့တိုက်ဒုံးအလုံးပေါင်းများစွာနဲ့ ပစ်ခတ်ခြင်း မရှိသလို လေဆိပ်မှာ ရဲနဲ့ စစ်သား ၂၀၀ ကျော် သေဆုံးတဲ့ ဖြစ်စဉ်လည်း မရှိပါဘူး။ သတင်းအမှားဖြန့်သူတွေက လုပ်ကြံရေးသားထားခြင်းသာ ဖြစ်ပါတယ်။
ဒါ့အပြင် ဒီအကြောင်းအရာကို မည်သည့်သတင်းဌာန မည်သည့်အဖွဲ့အစည်းမှာမှ ဖော်ပြထားခြင်းမရှိသလို သတင်းအမှားဖြန့်သူတင်ထားတဲ့ Video ထဲမှာလည်း မပါဝင်ပါဘူး။
သတင်းအမှားဖြန့်ထားတဲ့အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့သတင်းတွေ ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။