အဆိုပါ သတင်းအတုကို YouTube ချန်နယ်တစ်ခုက ဒီဇင်ဘာလ ၂၂ ရက်နေ့မှာ ဖြန့်ထားတာဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၂ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာ ဖြစ်ပါတယ်။ ဒီ Video ရဲ့ နောက်ခံမှာ စစ်ကောင်စီခေါင်းဆောင်တွေရဲ့ ဓါတ်ပုံရယ်၊ မြောက်ပိုင်းအဖွဲ့တွေ သိမ်းမိထားတဲ့ ဓါတ်ပုံတွေကို တွဲတင်ထားပြီး ဓါတ်ပုံပေါ်မှာ “တပ်ပျက်တာ ကမ္ဘာ့စံချိန် တင်ပြီ။ ငိုနေတာ လေယာဉ်ပစ် လက်နက် (၅၀) နဲ့အတူ၊ တပ်မတော် တစ်ခုလုံး၊ လက်နက်ချ အရှုံးပေး” (မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။
မူရင်း ရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။
အဆိုပါ Video ကို ၁ ရက်အတွင်း YouTube ပေါ်မှာ Like လုပ်ထားသူ ၂၀၀ ကျော်နဲ့ ဝင်ရောက်ကြည့်ရှုထားသူ ၁၉၀၀၀ ကျော် ရှိနေပါတယ်။
သတင်းဆန်းစစ်ချက်
လေယာဉ်ပစ် လက်နက် ၅၀ နဲ့အတူ တပ်မတော်တစ်ခုလုံး လက်နက်ချ အရှုံးပေးတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက် ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။
ဒီသတင်းအမှားဟာ PDF insight ဆိုတဲ့ Page က ဖော်ပြထားတဲ့ သတင်းတစ်ပုဒ်ကို ချဲ့ကားပြီး ရေးသားထားတာ ဖြစ်ပါတယ်။ PDF Insight က ဖော်ပြထားတဲ့ အကြောင်းအရာထဲမှာ တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းဆည်းရမိတဲ့အထဲမှာ လေယာဉ်ပစ် စက်သေနတ်တွေ ပါဝင်ကြောင်း၊ တစ်နိုင်ငံလုံး ဒေသအသီးသီးမှာ စက်သေနတ် အလက် ၅၀ ထက်မနည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြထားတာ ဖြစ်ပါတယ်။ PDF Insight က ဖော်ပြထားတဲ့ သတင်းကို ဒီနေရာမှာ ကြည့်ပါ။
သတင်းအမှားဖြန့်သူတွေက ဒီအချက်အလက်ကို ယူပြီး လေယာဉ်ပစ် လက်နက် ၅၀ နဲ့အတူ တပ်မတော်တစ်ခုလုံး လက်နက်ချ အရှုံးပေး ဆိုပြီး ချဲ့ကားရေးသားကာ ၎င်းတို့ Video ကို ဝင်ရောက်ကြည့်ရှုသူများအောင် လိမ်ညာထားခြင်းသာ ဖြစ်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် သတင်းခေါင်းစဉ်တွေမှာ လိမ်ညာရေးသားထားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန် ရအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။