ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ CSK news daily ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ အောက်တိုဘာလ ၂၈ ရက်နေ့ နေ့လည်ပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြား ရှိနေပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၄ မိနစ်နီးပါးရှိတဲ့ ဗွီဒီယိုဖိုင်နဲ့အတူ ‘စစ်အုပ်စု ရှမ်းပြည်ကနေ ဆုတ်ခွာနေရပြီ စက်လက်နက်တွေတောင် အသိမ်းခံလိုက်ရတယ်။ ရှမ်းပြည်ကို ထိန်းချုပ်လိုက်လို့ စစ်အုပ်ချုပ်ရေး ပျက်သုန်း။ လက်နက်အစုံနဲ့ စခန်းတွေ သိမ်းခံရ’ လို့ ရေးသားထားပါတယ်။
ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
ဖြန့်ဝေနေတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက် ကြည့်ရှုသူများအောင် လုပ်ကြံ ရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။
ဖြန့်ဝေထားတဲ့ ဗီဒီယိုထဲမှာ ‘စစ်အုပ်စု ရှမ်းပြည်ကနေ ဆုတ်ခွာနေတယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်ပါဘူး။
ဗီဒီယိုထဲမှာ သတင်းမီဒီယာတွေမှာ ဖော်ပြထားတဲ့ ရှမ်းပြည်မြောက်ပိုင်းက စစ်ရေးသတင်းတွေကို ကူးယူပြီး နောက်ခံစကားပြောနဲ့ ပြန်လည်ပြောထားတာသာ ဖြစ်ပါတယ်။
မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဖြစ်တဲ့ ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA)၊ ရက္ခိုင့်တပ်တော် (AA)တို့က စစ်ဆင်ရေးအမှတ် ၁၀၂၇ ကို အောက်တိုဘာ ၂၇ ရက်နေ့က ကြေညာခဲ့ပြီး ရှမ်းပြည်နယ်မြောက်ပိုင်းရှိ စစ်ကောင်စီ တပ်စခန်းတွေ တိုက်ခိုက်နေတာ ဖြစ်ပါတယ်။
လက်ရှိမှာ ကိုးကန့်ဒေသနဲ့ ရှမ်းပြည်နယ်(မြောက်ပိုင်း) ဒေသတွေမှာ တိုက်ပွဲတွေပြင်းထန်ခဲ့နေပြီး စစ်ကောင်စီစခန်းတွေကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ မြောက်ပိုင်းမဟာမိတ်တပ်တွေက ကြေညာထားပါတယ်။
အရှေ့မြောက်တိုင်းစစ်ဌာနချုပ် အခြေစိုက်ရာ လားရှိုးမြို့နယ်နဲ့ သိန္နီမြို့နယ် အနီးတဝိုက်က စစ်ကောင်စီတပ်စခန်းတချို့ကို တအာင်းတပ် (TNLA)က ဦးဆောင် တိုက်ခိုက်နေပြီး တရုတ်နယ်စပ်က တပ်စခန်းတွေကိုတော့ ကိုးကန့်တပ်(MNDAA)က ဦးဆောင် တိုက်ခိုက်နေတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။
၁၀၂၇ စစ်ဆင်ရေး ဒုတိယနေ့ဖြစ်တဲ့ အောက်တိုဘာ ၂၈ ရက်မှာ ချင်းရွှေဟော်မြို့ကို MNDAA က ဆက်လက်ထိန်းချုပ်ထားဆဲဖြစ်ပြီး မြို့အနီးက နယ်စပ်လုံခြုံရေးအတွက်ချထားတဲ့ စစ်ကောင်စီရဲ့ အဓိက စခန်းတစ်ခုကိုပါ သိမ်းပိုက်နိုင်ခဲ့ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု သူများအောင် သတင်းခေါင်းစဉ် ဓါတ်ပုံတွေမှာ လိမ်ညာရေးသားပြီး ကြည့်ရှုများအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။