ဒီအကြောင်းအရာကို ဘယ်သူက ဖေစ့်ဘွတ်ပေါ်မှာ စတင်ဖြန့်ဝေခဲ့တယ်ဆိုတာ မသိရှိရပေမယ့် ပြီးခဲ့တဲ့နှစ်ကတည်းက လူအများဖြန့်ဝေနေတာဖြစ်ပြီး အခုအခါမှာလည်း ထပ်မံဖြန့်ဝေလာတာ ဖြစ်ပါတယ်။အခုတစ်ခေါက် ထပ်မံဖြန့်ဝေမှုကို The City Bird Farm ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ မေလ ၂၆ ရက်နေ့ ညနေပိုင်းမှာ ပြန်လည်ဖြန့်ဝေခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။
ဒီအကြောင်းအရာကို ဖြန့်ဝေသူ အများစုဟာ ပုံဖျက်ထားတဲ့ ဇာတ်ကားနာမည်ပါ ဓာတ်ပုံနဲ့အတူ ခေါင်းစဉ်အမျိုးမျိုးရေးသားပြီး ထပ်ဆင့်မျှဝေနေတာဖြစ်ပါတယ်။ဒီအကြောင်းအရာကို ဟာသအနေနဲ့ ဖြန့်ဝေနေတယ်ဆိုပေမယ့် ဒါကို တကယ်ယုံကြည်နေသူတွေလည်း ရှိနေပါတယ်။
ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
အခုဖြန့်ဝေနေတဲ့ ဓာတ်ပုံဟာ 'နှစ်ပတ်အလို' ဆိုတဲ့ ရုပ်ရှင်ဇာတ်ကား နာမည်ဟာ စာလုံးပေါင်းသတ်ပုံတွေ ပြင်ဆင်ဖြတ်တောက်ပြီး ရိုင်းစိုင်းတဲ့အသုံးအနှုန်းမျိုးဖြစ်အောင် ပြင်ဆင်ဖြန့်ဝေထားတာဖြစ်ပါတယ်။ အဆိုပါဇာတ်ကားရဲ့ မူရင်းရုပ်ရှင်ပိုစတာကို အောက်မှာကြည့်ပါ။
ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်) ရဲ့ ကိုယ်တိုင်ရေး ဝထ္ထုကို ရိုက်ကူးထားတဲ့ 'နှစ်ပတ်အလို' ရုပ်ရှင်ကို ၂၀၁၉ ခုနှစ် ဇွန်လအတွင်းက ရုံတင်ပြသခဲ့တာ ဖြစ်ပါတယ်။ ဇာတ်ကားထဲမှာ သရုပ်ဆောင် ပြေတီဦးနဲ့ ဝတ်မှုံရွှေရည်တို့ ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပြီး Film House Production ကနေ ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။
တချို့ဖြန့်ဝေမှုတွေက ဟာသအနေနဲ့ ဖြန့်ဝေကြတယ်ဆိုပေမယ့် တချို့ကတော့ ဝင်ရောက်ကြည့်ရှုသူ များအောင် ဓာတ်ပုံတွေကို တမင်ပြုပြင်ပြီး အချက်အလက်အမှားတွေ ထည့်ကာ ဖြန့်ဝေနေတာပဲ ဖြစ်ပါတယ်။