ဒီအကြောင်းအရာကို Mandalay khithit ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ ဖေဖော်ဝါရီ ၂၀ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၁၀ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'ကာလုံခွင့်ပြုချက်နဲ့ အာဏာပြန်သိမ်းခံရပြီ။ ဦးသိန်းစိန် အစိုးရပြန်ဦးဆောင်မည်။ မင်းအောင်လှိုင်ကို ရာထူးဆိုင်းငံ့လိုက်ပြီ' လို့ ရေးသား ထားတာပါ။
ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။
ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
ဦးသိန်းစိန် အစိုးရပြန်ဦးဆောင်မယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက် အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ဟာ Myanmar Now သတင်းဌာနမှာ ဖေဖော်ဝါရီ ၁၉ ရက်နေ့က ဖော်ပြထားတဲ့ 'ကာ/လုံ ခွင့်ပြုချက်ဖြင့် လုံခြုံရေး ကုမ္ပဏီများကို လက်နက်ခဲယမ်း ကိုင်ဆောင်ခွင့်ပေး' ဆိုတဲ့ သတင်းကို နောက်ခံ စကားပြောနဲ့ ပြန်လည် ပြောဆိုထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။
သတင်းထဲမှာ စစ်ကောင်စီက ဖေဖော်ဝါရီ ၁၈ ရက်က အသစ်ထုတ်ပြန်လိုက်တဲ့ ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှု ဆိုင်ရာဥပဒေအရ လုံခြုံရေးကုမ္ပဏီတွေအနေနဲ့ လက်နက်ဥပဒေ၊ လက်နက်ခဲယမ်းကိုင်ဆောင်ခွင့်မူနှင့်အညီ လက်နက်ခဲယမ်း နှင့်ဆက်စပ်ပစ္စည်း ကိုင်ဆောင်ခွင့် ရှိလာမယ်ဆိုတဲ့အကြောင်း ရေးသားထားတာပါ။
ဒီသတင်းထဲမှာ ဦးသိန်းစိန် အစိုးရပြန်ဦးဆောင်မယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်သလို အခြား ယုံကြည် စိတ်ချရတဲ့ သတင်းဌာနတွေမှာ ဖော်ပြထားတာလည်း မရှိပါဘူး။
Myanmar Now သတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။