ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ရေးသားဖြန့်ဝေနေတဲ့ Ali ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဇွန်လ ၂၈ ရက် ညပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၁၆ မိနစ်နီးပါးရှိတဲ့ ဗွီဒီယိုဖိုင်နဲ့အတူ ဦးလွင်ကိုလတ်ရဲ့ ဓာတ်ပုံကို ဗွီဒီယိုကာဗာအဖြစ် အသုံးပြုကာ ’ပြည်ထဲရေး ဝန်ကြီး ဦးလွင်ကိုလတ်ကို လုပ်ကြံတဲ့ တရားခံကို ဖော်ထုတ်ပြီ’ လို့ ရေးသားထားပါတယ်။
ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
ဖြန့်ဝေနေတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက် ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။
ဖြန့်ဝေထားတဲ့ ဗွီဒီယိုဖိုင်ထဲမှာ ဦးလွင်ကိုလတ်ကို လုပ်ကြံတဲ့ တရားခံကို ဖော်ထုတ်ပြီဆိုတဲ့ အကြောင်းအရာ မပါဝင်ပါဘူး။ ဗွီဒီယိုထဲမှာ ဇွန်လ ၂၈ ရက်နေ့မှာ ဝန်ကြီး ဦးလွင်ကိုလတ်က သူ့ရဲ့ တရားဝင်ဖေစ့်ဘွတ်အကောင့်မှာ ဖြန့်ဝေထားတဲ့ ‘ရိုးမခေါ်သံ’ ဆိုတဲ့ ပိုစ့်က စာသားတွေကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆိုထားတာသာ ဖြစ်ပါတယ်။
ဦးလွင်ကိုလတ်က တော်လှန်ရေးနဲ့ ဆက်စပ်ရေးသားထားတဲ့ ဒီ ‘ရိုးမခေါ်သံ’ ဆိုတဲ့ ပိုစ့်ထဲမှာ စစ်အာဏာရှင်အောက်က ဘဝတွေနဲ့ တော်လှန်ရေးကာလ ဘဝတွေအကြောင်း ရေးသားထားတာပါ။ ဦးလွင်ကိုလတ်ရဲ့ ပိုစ့်ကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
ဖြန့်ဝေထားတဲ့ ဗွီဒီယိုဖိုင်ထဲဟာ လုပ်ကြံရေးသားထားတဲ့ သတင်းအမှားပဲ ဖြစ်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို စစ်ဆေးကြည့်တဲ့အခါ သတင်းခေါင်းစဉ် ဓါတ်ပုံတွေမှာ လိမ်ညာရေးသားပြီး ကြည့်ရှုများအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့ အဖွဲ့တွေ ဖြစ်တာကို တွေ့ရပါတယ်။