ဒီအကြောင်းအရာကို စစ်တပ်လော်ဘီလုပ်ကာ သတင်းအမှားတွေ ဆက်တိုက် ရေးသားဖြန့်ဝေနေတဲ့ Barlikissy King ဆိုတဲ့ ဖေစ့်ဘွတ်အကောင့်မှာ ဩဂုတ်လ 19 ရက် နေ့လည်ပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။
ဖြန့်ဝေရာမှာ ‘ဗုဒ္ဓဘာသာကိုပါစော်ကားလာပြီဖြစ်ကြောင်း၊ ကရင်ပြည်နယ် လက်ခတ်တောင်မှာ တပ်မတော်နဲ့ KNU/PDF သူပုန်တွေ ယနေ့အထိ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေကြောင်း၊ လက်ခတ်တောင်ပေါ်မှာရှိတဲ့ ဘာသာမဲ့သူပုန်တွေက တောင်ပေါ်က ဘုရား စေတီတွေ ကနေ ဌာပနာတွေ လိုက်လံဖောက်ထွင်း ခိုးယူနေကြောင်း၊ ရည်ရွယ်ချက်က ဌာပနာတွေကို ကိုယ်ကျိုးအတွက် ရောင်းစားဖို့ ဖြစ်ကြောင်း၊ တပ်မတော်က လက်ခတ်တောင်ကို ပြန်သိမ်းချိန် စစ်တပ်က ဘုရားဌာပနာတွေ ဖောက်တယ်ဆိုပြီး မီဒီယာတွေမှာ ပုံရိပ် ကျဆင်းဖို့ လုပ်ဆောင်တာဖြစ်ကြောင်း၊ ဗုဒ္ဓဘာသာ KNU တွေနဲ့ PDF အချို့ထံမှ သိရတာဖြစ်ကြောင်း၊ ဘာသာမဲ့ PDF တွေနဲ့ ဘာသာခြား သူပုန်တွေရဲ့ မြေမြိုမယ့် အကြံတွေကို ဗုဒ္ဓဘာသာဝင်တွေ သိအောင်လို့ တင်ပေးလိုက်တာဖြစ်ကြောင်း’ ဘာသာရေး ပဋိပက္ခတွေ ဖြစ်အောင် တမင် လုပ်ကြံရေးသား ထားတာပါ။
ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
ဖြန့်ဝေနေတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ စစ်တပ်ထောက်ခံသူတွေ သဘောကျ လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။
ဖြန့်ဝေမှုမှာ ကောင်းကင်က ရိုက်ယူထားတဲ့ လက်ခတ်တောင်ရဲ့ ပုံတွေပေါ်မှာ ‘ဘာသာမဲ့ KNU/PDF သူပုန်များက လက်ခတ်တောင် ပေါ်ရှိ ဘုရားများမှ ဌာပနာများ ဖောက်ထွင်းနေ’ ဆိုတဲ့ စာရေးကာ ဖြန့်ဝေထားတာဖြစ်ပါတယ်။
ဖြန့်ဝေထားမှုထဲမှာ ဗုဒ္ဓဘာသာ KNU တွေနဲ့ PDF အချို့ထံမှ သိရတယ်လို့ ရေးသားထားပေမယ့် စေတီတွေမှာ ဌာပနာ ဖောက်ထားတဲ့ ဓာတ်ပုံ (သို့မဟုတ်) ဌာပနာပစ္စည်းတွေရဲ့ ပုံတွေစတဲ့ အထောက်အထား အချက်အလက် ခိုင်ခိုင်မာမာ ပြသထားတာ ရှိမနေပါဘူး။
ဒီရက်ပိုင်းမှာ စစ်တပ်လော်ဘီလုပ်ပြီး သတင်းအမှားတွေ ဖြန့်နေတဲ့ ဖေစ့်ဘွတ်ပေချ့်တွေနဲ့ အကောင့်တွေမှာ လူမျိုးရေး ပဋိပက္ခတွေ၊ ဘာသာရေး ပဋိပက္ခတွေတွေ ဖြစ်အောင် ရေးသားဖြန့်ဝေမှုတွေ များလာတာ တွေ့ရပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ကချင်လွတ်လပ်ရေးတပ်မတော် KIA က စစ်ကိုင်းတိုင်းဒေသအတွင်းက ရွာတွေကို မီးရှို့နေသယောင် လူမျိုးရေးပဋိပက္ခတွေ ဖြစ်ပွားအောင် တမင်လုပ်ကြံ ရေးသားဖြန့်ဝေနေတဲ့အတွက် BOOM က သတင်းဆန်းစစ်မှု လုပ်ခဲ့ပါသေးတယ်။
BOOM က သတင်းဆန်းစစ်ထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။
ဒါကြောင့် စစ်တပ်လက်အောက်ခံ ဖေစ့်ဘွတ်ပေချ့်တွေ၊ အကောင့်တွေကနေ ဖြန့်ဝေနေတာတွေဟာ လူမျိုးရေး ပဋိပက္ခတွေ၊ ဘာသာရေး ပဋိပက္ခတွေ ဖြစ်ပွားလာအောင် တမင်လုပ်ကြံရေးသားထားတဲ့ သတင်းအမှားတွေ ဖြစ်တယ်ဆိုတာ သတိထားဖို့ လိုပါတယ်။