ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Trend Videos 1.0 ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ အောက်တိုဘာလ ၂၄ ရက်နေ့ နေ့လည်ပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြား ရှိနေပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၈ မိနစ်နီးပါးရှိတဲ့ ဗွီဒီယိုဖိုင်နဲ့အတူ စစ်ကောင်စီထိပ်တန်း ခေါင်းဆောင်တွေရဲ့ ပုံတွေအသုံးပြုကာ ‘ဗိုလ်ချုပ်မြထွန်းဦး တစ်ကွက်ပြလိုက်ပြီ။ အာဏာရူးများ ကိုက်ကုန်ပြီ။ ဗိုလ်ချုပ်မြထွန်းဦး အာဏာသိမ်းပိုက်လိုက်ပြီ။ ဂျပုနဲ့ စိုးဝင်း ဖမ်းဆီးစစ်ကြောရေး ပို့’ လို့ ရေးသားထားပါတယ်။
ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
ဖြန့်ဝေနေတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက် ကြည့်ရှုသူများအောင် လုပ်ကြံ ရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။
ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ထဲမှာ ‘ဗိုလ်ချုပ်မြထွန်းဦး အာဏာသိမ်းပိုက်လိုက်ပြီ’ ဆိုတဲ့ အကြောင်းအရာ မပါဝင်သလို အခြား ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာ ဖော်ပြထားတာလည်း မရှိပါဘူး။
ဗီဒီယိုထဲမှာတော့ DVB သတင်းဌာနမှာ အောက်တိုဘာ ၂၃ ရက်နေ့က ဖော်ပြခဲ့တဲ့ ‘မင်းအောင်လှိုင် အရှင်းခံရတော့မှာလား’ ဆိုတဲ့ သုံးသပ်ချက် ဆောင်းပါးတစ်ပုဒ်ကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆိုထားတာသာ ဖြစ်ပါတယ်။
ဆောင်းပါးအပြည့်အစုံကို ဒီနေရာ မှာ ဝင်ရောက် ဖတ်ရှု့နိုင်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု သူများအောင် သတင်းခေါင်းစဉ် ဓါတ်ပုံတွေမှာ လိမ်ညာရေးသားပြီး ကြည့်ရှုများအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။