ဒီဗီဒီယိုဖိုင်ကို Thar Thar ဆိုတဲ့ ဖေစ့်ဘွတ်အကောင့်မှာ ဧပြီ ၁၈ ရက်နေ့ ညပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ကြည့်ရှု့သူ ၂ သန်းနီးပါးနဲ့ ထပ်ဆင့်ဖြန့်ဝေမှု အများအပြား ရှိနေပါတယ်။ ဖြန့်ဝေရာမှာ ကြာချိန် တစ်မိနစ် ကျော်သာရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ
'အားရတယ်ဝေ့။ ပြင်ဦးလွင်လာနေတဲ့ စစ်ကား ဗုံးဆွဲခံရ။ စိတ်တော်မကောင်းဘူး' ဆိုတဲ့ခေါင်းစဉ်နဲ့ ရေးသားထားပါတယ်။
ဗီဒီယိုထဲမှာတော့ လမ်းတစ်ခုပေါ်မှာ သွားနေတဲ့ ကား ၂ စီးကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ဝိုင်းဝန်းပစ်ခတ်နေတဲ့ ရုပ်သံဖိုင်ဖြစ်ပါတယ်။ ရုပ်သံဖိုင်ရဲ့ နောက်ခံမှာ အမျိုးသားအချို့ စကားပြောသံတွေ ပါဝင်နေပါတယ်။
ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
ဖြန့်ဝေနေတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက် ကြည့်ရှုသူများအောင် လုပ်ကြံဖန်တီးထားတဲ့ ဗီဒီယိုအတု ဖြစ်တာကို တွေ့ရပါတယ်။ အခုဖြန့်ဝေနေတဲ့ ဗီဒီယိုဖိုင်ဟာ tik tok မှာ ပြန်လည် ဖြန့်ဝေထားတဲ့ ARMA 3 နဲ့ Squad တို့လို military simulation game တစ်ခုခုရဲ့ video footage တစ်ခုခု ဖြစ်နိုင်ပါတယ်။
ပြင်ဦးလွင် စစ်တက္ကသိုလ်ကို ဧပြီလ တစ်လအတွင်းမှာ နှစ်ကြိမ်မြောက် ပစ်မှတ်ထား တိုက်ခိုက်ခံခဲ့ရတယ်ဆိုပေမယ့် အခုဗီဒီယိုဖိုင်ဟာ ဂိမ်းတစ်ခုရဲ့ video footage ကို အသုံးပြုပြီး လုပ်ကြံဖန်တီးထားတဲ့ ရုပ်သံဖိုင်သာ ဖြစ်ပါတယ်။ ပြင်ဦးလွင် စစ်တက္ကသိုလ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဧပြီလ ၈ ရက်နဲ့ ဧပြီ ၁၄ ရက် ညတွေမှာ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ ဖေစ့်ဘွတ်ပေချ့်ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတာဖြစ်ပါတယ်။