ဒီအကြောင်းအရာကို Mandalay khitthit ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ နိုဝင်ဘာ ၇ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၈ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'ဒုချုပ်စိုးဝင်း NUG နဲ့ ဆွေးနွေးနေ။ မင်းအောင်လှိုင် တရုတ်သွားနေချိန် NUG နဲ့ အပြန်အလှန် ဆွေးနွေးနေ။ မင်းအောင်လှိုင် သစ္စာဖောက်ခံရပြီဟု တပ်တွင်း သတင်းထွက်နေ' လို့ ရေးသား ထားတာပါ။
ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။
ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
ဒုတပ်ချုပ် စိုးဝင်း NUG နဲ့ ဆွေးနွေးတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ထဲမှာ People's Spring သတင်းဌာနမှာ နိုဝင်ဘာ ၆ ရက်နေ့က ဖြန့်ဝေထားတဲ့ 'တော်လှန်ရေး အင်အားစုများ၏ ဘုံနိုင်ငံရေးဦးတည်ချက် ၆ ချက်လက်ခံသောစစ်တပ်တာဝန်ရှိသူများနှင့် ဆွေးနွေးမည်ဟု ရှင်းလင်း ပြောကြား' ဆိုတဲ့ သတင်းကို နောက်ခံစကားပြောနဲ့ ပြန်လည် ပြောဆိုထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။
သတင်းထဲမှာ အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် တရုတ်နိုင်ငံသို့သွားရောက်နေချိန်တွင် အမျိုးသားညီညွတ်ရေးအစိုးရ ( NUG )အပါအဝင် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေရဲ့ ဘုံနိုင်ငံရေးဦးတည်ချက် ၆ရပ်ကို လက်ခံတဲ့ စစ်တပ်တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးမယ်ဆိုပြီး အမျိုးသားညီညွတ်ရေးအစိုးရ( NUG ) ရဲ့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်က နိုဝင်ဘာ ၅ရက်က ကျင်းပတဲ့ NUG နဲ့ K2C ပူးတွဲ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားတဲ့အကြောင်း ရေးသားထားတာပါ။
တော်လှန်ရေးအဖွဲ့တွေ အနေနဲ့ စစ်အာဏာသိမ်းမှုကို ဖယ်ရှားအဆုံးသတ်ပြီးပါက မြန်မာစစ်တပ်တာဝန်ရှိသူတွေ ကျန်ရှိနေဦးမှာဖြစ်ပြီး အဆိုပါ ကျန်ရှိနေသူ စစ်တပ်တာဝန်ရှိသူတွေက ဘုံနိုင်ငံ ရေးဦးတည်ချက် ၆ရပ်ကို လက်ခံပါက ထိုသူတွေနဲ့ အေးချမ်းတည်ငြိမ်စွာ အာဏာလွှဲပြောင်းခြင်းဆိုင်ရာ ကိစ္စရပ်တွေ မဖြစ်မနေဆောင်ရွက်ရန် လိုအပ်တဲ့အကြောင်း ဦးတင်ထွန်းနိုင်က ပြောခဲ့တာပါ။
ဒီသတင်းထဲမှာ ဒုတပ်ချုပ် စိုးဝင်း NUG နဲ့ ဆွေးနွေးတယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်ပါဘူး။
People's Spring သတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။