ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Yangon Khit Thit ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ ဩဂုတ်လ၂၀ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၂ မိနစ်ကျော်သာရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ NLD ထိပ်ပိုင်း (၄၀) ဦး ဒီနေ့ လွှတ်ပေးလိုက်ပြီလို့ ဗိုလ်ချုပ်ဇော်မင်းထွန်းပြော' လို့ ရေးသားထားတာပါ။
ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။
ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ NLD ထိပ်ပိုင်း (၄၀) ဦးကို လွှတ်ပေးကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းပြောတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ထဲမှာ Khit Thit Media မှာ ဩဂုတ်လ ၁၉ ရက်နေ့က ဖြန့်ဝေထားတဲ့ ‘သာယာဝတီထောင်သို့ ပြောင်းရွှေ့ခံခဲ့ရသည့် နိုင်ငံရေးအကျဉ်းသား ၄၀ ဦးကျော်ကို ထောင်ဝန်ထမ်းများကရိုက်နှက်မှု ဦးခေါင်းနှင့်ခန္ဓာကိုယ်တွင် ဒဏ်ရာများ ရရှိ ၊ တိုက်ပိတ်မှုများ၊ ခြေကျင်းခတ်မှုများလည်း ခံနေရ’ ဆိုတဲ့ သတင်းကို နောက်ခံစကားပြောနဲ့ ပြန်လည် ပြောဆိုထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။
Khit Thit Media မှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
လက်ရှိမှာ ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်မှာ ဖမ်းဆီးထိန်းသိမ်းထားဆဲဖြစ်ပြီး လွတ်ပေးဖို့ တစ်စုံတစ်ရာ ပြောကြာထားခြင်း မရှိပါဘူး။
ဒါ့အပြင် ဒီအကြောင်းအရာကို မည်သည့်သတင်းဌာန မည်သည့်အဖွဲ့အစည်းမှာမှ ဖော်ပြထားခြင်းမရှိသလို သတင်းအမှားဖြန့်သူတင်ထားတဲ့ Video ထဲမှာလည်း မပါဝင်ပါဘူး။
သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။