ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ ‘Focus Cele’ ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဒီဇင်ဘာလ ၂၀ ရက်နေ့ နံနက်ပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၁ မိနစ်ကျော်သာရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ ‘စစ်ကောင်စီရဲ့ ထိန်းသိမ်းခံထားရတဲ့ သင်ဇာဝင့်ကျော် ပြန်လွတ်လာပြီ’ လို့ ရေးသား ဖြန့်ဝေထားတာပါ။
အခြားဖြန့်ဝေမှုတွေမှာတော့ ‘ပြန်လွတ်လာတဲ့အကြောင်းကိုရင်ဖွင့်လာတဲ့ သင်ဇာဝင့်ကျော်’ လို့ ရေးသားဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။
ဖြန့်ဝေထားမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
သရုပ်ဆောင် သင်ဇာဝင့်ကျော် ပြန်လွတ်လာတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသား ထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။
ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ထဲမှာ သရုပ်ဆောင် သင်ဇာဝင့်ကျော် ထောင်ကပြန်လွတ်လာပြီး အကျဉ်းထောင်ထဲမှာ ဘယ်လိုမျိုး ဒုက္ခတွေ ခံစားခဲ့ရလဲဆိုတာ ပြောပြခဲ့ကြောင်းကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆိုထားတာသာ ဖြစ်ပါတယ်။
ဒီအကြောင်းအရာကို သရုပ်ဆောင် သင်ဇာဝင့်ကျော်ကိုယ်တိုင် ပြောထားတဲ့ ရုပ်သံဖိုင်လည်း မဟုတ်ပါဘူး။
ဒါ့အပြင် သင်ဇာဝင့်ကျော် ပြန်လွတ်လာတယ်ဆိုတဲ့ အကြောင်းအရာကို ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာ ဖော်ပြထားတာလည်း မရှိပါဘူး။
လက်ရှိမှာ သရုပ်ဆောင်သင်ဇာဝင့်ကျော်ကို အီလက်ထရွန်နစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေ ပုဒ်မ - ၃၃ (က) နဲ့ စစ်ကောင်စီက ဖမ်းဆီးတရားစွဲခဲ့ပြီး ရန်ကုန်တိုင်း၊ အင်းစိန်ထောင်တွင်း တရားရုံးကနေ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက် ဒီနေ့မှာ ထောင်ငါးနှစ် ချလိုက်တယ်ဆိုပြီး သတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ ပေချ့်အများစုဟာ ဝင်ရောက်ကြည့်ရှု သူများအောင် သတင်းခေါင်းစဉ် ဓါတ်ပုံတွေမှာ လိမ်ညာရေးသားပြီး ကြည့်ရှုများအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတာကို တွေ့ရပါတယ်။