အဆိုပါ သတင်းအတုကို YouTube ချန်နယ်တစ်ခုက ၂၁ ရက်နေ့မှာ ဖြန့်ထားတာဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၉ မိနစ်နီးပါး ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ ဖြန့်ထားတာ ဖြစ်ပါတယ်။ ၎င်း Video ရဲ့ နောက်ခံမှာ စစ်ကောင်စီခေါင်းဆောင်ရဲ့ ဓါတ်ပုံရယ်၊ သတင်းကြေညာသူတစ်ဦးပါဝင်တဲ့ ဓါတ်ပုံရယ် လေဆိပ်တစ်ခုရဲ့ ဓါတ်ပုံကို ပူးတွဲဖော်ပြထားပြီး ဓါတ်ပုံပေါ်မှာ “လုံခြုံရေးများသေကုန်၊ စစ်ဆင်ရေးအရှိန်မြင့်တင်ပြီ။ မနက် (၈) နာရီ အထူးသတင်း၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် PDF များတိုက်ခိုက်၊ အကန့်သတ်မရှိ ပိတ်ထား” (မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။
မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။
အဆိုပါ Video ကို ၄ ရက်အတွင်း ဝင်ရောက်ကြည့်ရှုထားသူ ၁၇၀၀၀ ကျော်ရှိနေပါတယ်။
သတင်းဆန်းစစ်ချက်
ရန်ကုန်လေဆိပ်ကို PDF တွေတိုက်ခိုက်လို့ အကန့်အသတ်မရှိ ပိတ်ထားလိုက်ပြီဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
၁၀၂၇ စစ်ဆင်ရေးကို နောက်ပိုင်း ရန်ကုန်မြို့မှာ ပေါက်ကွဲမှုတစ်ချို့ရှိပေမယ့် လေဆိပ်အတွင်းမှာ ကြီးမားတဲ့ ဗုံးပေါက်ကွဲမှု မရှိသလို လုံခြုံရေးတွေ သေဆုံးမှုလည်းမရှိပါဘူး။ ရန်ကုန်လေဆိပ်ကို ပိတ်ထားခြင်းလည်းမရှိပါဘူး။ ပုံမှန်အတိုင်း လည်ပါတ်နေဆဲသာ ဖြစ်ပါတယ်။
ဒါ့အပြင် ဒီအကြောင်းအရာကို မည်သည့်ဌာန၊ မည်သည့်အဖွဲ့အစည်းမှာမှ ဖော်ပြထားခြင်း မရှိသလို သတင်းအမှားဖြန့်သူတွေ တင်ထားတဲ့ Video အတွင်းမှာလည်း ဒီအကြောင်းအရာ မပါဝင်ပါဘူး။ Video အတွင်းမှာလည်း တစ်ခြားသတင်းအကြောင်းအရာတွေကိုသာ ဖော်ပြထားပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် သတင်းခေါင်းစဉ်တွေမှာ လိမ်ညာရေးသားထားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန် ရအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။