အဆိုပါ သတင်းအတုကို စစ်ကောင်စီရဲ့ ဝါဒဖြန့်တယ်လီဂရမ် ချန်နယ်တစ်ခုက စတင်ဖြန့်ဝေထားတာ ဖြစ်ပြီး ဖေ့စ်ဘွတ်အကောင့်တုတွေနဲ့ လူမှုကွန်ယက်ပေါ် ဖြန့်ဝေထားပါတယ်။ ဒီ သတင်းအတုထဲမှာ TNLA ကို လူသတ်သမားအဖြစ်သုံးထားပြီး ၎င်းတို့က နမ့်ဆန်မြို့မှာရှိတဲ့ နေအိမ်တွေက တန်ဖိုးကြီးပစ္စည်းတွေ ဖောက်ထွင်းခိုးယူနေကြောင်း၊ နမ့်ဆန်မြို့မှာ ထင်တိုင်းကြဲ ခိုးယူမှုတွေ ပြုလုပ်နေကြောင်း ရေးသားထားကာ TNLA တပ်ဖွဲ့တွေ နမ့်ဆန်မြို့မှာ လမ်းလျှောက်နေတဲ့ ဓါတ်ပုံတွေနဲ့ တွဲတင်ထားပါတယ်။
မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ ၊ ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။
အဆိုပါ သတင်းအတုကို တယ်လီဂရမ်ချန်နယ်တွေအပြင် ဖေ့စ်ဘွတ်အကောင့်ပေါင်းများစွာနဲ့ ထပ်ဆင့်ဝေမျှခြင်း ကူးယူဖော်ပြတွေ ပြုလုပ်နေကြပါတယ်။
သတင်းဆန်းစစ်ချက်
နမ့်ဆန်မြို့မှာရှိတဲ့ နေအိမ်တွေက တန်ဖိုးကြီး ပစ္စည်းတွေကို TNLA က ဖောက်ထွင်းခိုးယူနေတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံရေးသားထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
TNLA နဲ့ စစ်ကောင်စီတပ်တွေ ၆ ရက်ကြာ တိုက်ပွဲ ပြင်းထန်ပြီးနောက် နမ့်ဆန်တစ်မြို့လုံးကို TNLA တပ်တွေက သိမ်းပိုက်နိုင်ခဲ့ပါတယ်။ တိုက်ပွဲကာလ အတွင်းမှာ နမ့်ဆန် တစ်မြို့လုံးကို စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲချရာမှာ လူနေအိမ်တွေအပြင် စစ်ရှောင်တွေရှိတဲ့ ဘုန်းကြီးကျောင်းတွေပါ ထိမှန် ပျက်ဆီးမှုတွေ ရှိခဲ့ပါတယ်။
နမ့်ဆန်မှာ အထိနာခဲ့တဲ့ စစ်တပ်ဟာ နေအိမ်တွေ ဖျက်ဆီးတာတွေ၊ ဖောက်ထွင်းပြီး တန်ဖိုးကြီး ပစ္စည်းတွေ ယူဆောင်မှုတွေ ပြုလုပ်ခဲ့တယ်လို့ သတင်းမီဒီယာတွေမှာ ဖော်ပြလာကြပါတယ်။ ဒီလို ဖော်ပြခဲ့တဲ့ ဓါတ်ပုံတွေ စာသားတွေကို ပြန်လည်အသုံးပြုပြီး စစ်တပ် နေရာမှာ TNLA က ပြုလုပ်တယ်လို့ တန်ပြန် သတင်းအမှားဖြန့်လာတာ ဖြစ်ပါတယ်။
မော်ကွန်းသတင်းဌာနက ဖော်ပြထားတဲ့ နမ့်ဆန်က နေအိမ်တွေကို စစ်ကောင်စီတပ်တွေက ဖျက်ဆီးပြီးတန်းဖိုးကြီး ပစ္စည်းတွေ ခိုးယူသွားတယ်ဆိုတဲ့ သတင်းကို ဒီနေရာမှာ ဖတ်ပါ။
သတင်းအမှားဖြန့်ထားတဲ့အဖွဲ့တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာတော့ စစ်ကောင်စီအတွက် ဝါဒဖြန့်ပေးနေတဲ့ တယ်လီဂရမ်ချန်နယ်တွေ၊ မည်သူမည်ဝါမှန်းဖော်ပြထားခြင်းမရှိတဲ့ ဖေ့စ်ဘွတ်အကောင့်တွေ ဖြစ်တာကို တွေ့ရပြီး စစ်ကောင်စီကို ထောက်ခံအားပေးတဲ့ ဝါဒဖြန့်သတင်းတွေ သတင်းအမှားတွေ ဆက်တိုက်ဖြန့်နေတဲ့ အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။