အဆိုပါ သတင်းအတုကို YouTube ချန်နယ်တစ်ခုက စက်တင်ဘာလ ၁၆ ရက်နေ့မှာ ဖြန့်ထားတာ ဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၉ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာ ဖြစ်ပါတယ်။ Video ရဲ့ နောက်ခံမှာ KIA ဗိုလ်ချုပ် ဂွမ်မော်ရယ် ၊ ဗိုလ်နဂါးရယ်၊ ရဟက်ယာဉ်တွေ မီးလောင်နေတဲ့ ပုံတွေကို အသုံးပြုထားပြီး ဓါတ်ပုံပေါ်မှာ “၁၆ ရက် ၊ နံနက် ၈ နာရီခွဲ ၊ နားထောင်ကြပါ။ ပစ်ချလိုက်ပြီ၊ မိုးကုတ်မြို့ကို တအောင်းတပ် (TNLA) သိမ်းပိုက်၊ စစ်ခွေး (၉၀) ကျော် သေးဆုံး၊ ရှုံးမဲမဲပြီ” (အသုံးအနှုန်း မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။
မူရင်း ရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။
အဆိုပါ Video ကို (၉) အတွင်း YouTube ပေါ်မှာ ဝင်ရောက် ကြည့်ရှုထားသူ ၅၇၀၀၀ ကျော်ရှိနေပါတယ်။
သတင်းဆန်းစစ်ချက်
မိုးကုတ်မြို့ကို တအောင်းတပ် TNLA သိမ်းပိုက်လိုက်ပြီဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။
စစ်ကောင်စီတပ်တွေနဲ့ တအောင်းလွတ်မြောက်ရေးတပ်(TNLA) တို့ မန္တလေးတိုင်းအထက်ပိုင်း မိုးကုတ်နဲ့ ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့ကြားမှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်တွေ အထိနာနေပါတယ်။ ဒါပေမယ့် သတင်းအမှားဖြန့်သူတွေ တင်ထားသလို မိုးကုတ်မြို့ကို TNLA က သိမ်းပိုက်လိုက်တဲ့ ဖြစ်စဉ်တော့ မရှိသေးပါဘူး။
မိုးကုပ်မြို့အနီး စစ်ကောင်စီတပ်နဲ့ TNLA တပ်တွေ တိုက်ပွဲဖြစ်နေတာနဲ့ ပတ်သက်ပြီး BBC က ဖော်ပြထားတဲ့ သတင်းကို အောက်ပါ Link မှာ ဖတ်နိုင်ပါတယ်။
ပတ္တမြားမြေအနီးရောက်လာတဲ့ တိုက်ပွဲသံ
သတင်းအမှားဖြန့်သူတွေ တင်ထားတဲ့ Video အတွင်းမှာလည်း ဒီအကြောင်းအရာမပါဝင်ပါဘူး။ Video အတွင်းမှာ မိုးကုတ်မြို့အနီး တိုက်ပွဲ ၂ နေရာ ဖြစ်ပွားပြီး စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက် ဆိုတဲ့ သတင်းကိုသာ ဖော်ပြထားပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု သူများအောင် သတင်းခေါင်းစဉ် ဓါတ်ပုံတွေမှာ လိမ်ညာရေးသားပြီး ကြည့်ရှုများအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။