အဆိုပါ သတင်းအတုကို YouTube ချန်နယ်တစ်ခုက မေလ ၂၀ ရက်နေ့မှာ ဖြန့်ထားတာ ဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၂ မိနစ်ခန့် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာ ဖြစ်ပါတယ်။
အဆိုပါ Video ရဲ့ နောက်ခံမှာ မင်းအောင်လှိုင်နဲ့ ၎င်းရဲ့ သားနဲ့ သမီးရဲ့ ဓါတ်ပုံတွေ နိုင်ငံတကာက ခေါင်းဆောင်တစ်ဦးရဲ့ ဓါတ်ပုံနဲ့ သတင်းကြေညာသူတစ်ဦးပါဝင်တဲ့ ဓါတ်ပုံတွေကို အသုံးပြုထားပြီး ဓါတ်ပုံပေါ်မှာ “သေစမ်း ခွေးမျိုးတွေ။ နောက်ဆုံး သတိပေးမှု၊ မအလ သားနဲ့ သမီးကို UN ဖမ်းဆီးထား။ ၂၄ နာရီအတွင်း အာဏာမလွဲပေးပါက သတ်ပစ်မယ်” (အသုံးအနှုန်း မူရင်း ရေးသားထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။
မူရင်း ရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။
အဆိုပါ သတင်းအတုကို YouTube ပေါ်မှာ ဝင်ရောက်ကြည့်ရှုထားသူ များစွာ ရှိနေပါတယ်။
သတင်းဆန်းစစ်ချက်
စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ သားနဲ့ သမီးကို UN က ဖမ်းဆီးထားတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။
စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ သားနဲ့ သမီးဖြစ်သူတို့ကို မည်သည့်နိုင်ငံ မည်သည့်အဖွဲ့အစည်းကမှ ဖမ်းဆီးထားခြင်း မရှိပါဘူး။ သတင်းအမှားဖြန့်သူတွေက လုပ်ကြံရေးသားထားခြင်းသာ ဖြစ်ပါတယ်။
ဒါ့အပြင် ဒီအကြောင်းအရာကို မည်သည့်သတင်းဌာန မည်သည့်အဖွဲ့အစည်းမှာမှ ဖော်ပြထားခြင်းမရှိသလို သတင်းအမှားဖြန့်သူတင်ထားတဲ့ Video ထဲမှာလည်း မပါဝင်ပါဘူး။
သတင်းအမှားဖြန့်ထားတဲ့အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့သတင်းတွေ ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။