အဆိုပါ သတင်းအမှားကို Lion Min ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က ဒီဇင်ဘာလ ၁၀ ရက်နေ့ ည ၉ နာရီ ၆ မိနစ်မှာ ရေးသားဖြန့်ဝေခဲ့တာ အဆိုပါ သတင်းအမှားထဲမှာ "အဲ့ဒါကြောင့် တပ်မတော်ကို လေးစားတာ။ တရားမျှတတဲ့ ရွေးကောက်ပွဲ အဖြေထွက်လာပြီးပါကတစ်ဆက်တည်း FB ပိုင်ရှင် ဇူကာဘက်အား တရားဆွဲဆိုသွားမည်ဟု အတွင်းသတင်းအဖြစ် သိရ" လို့ ရေးသားထားပါတယ်။ အဲ့ဒီ ပိုစ့်အတွင်းမှာပဲ ဖေ့စ်ဘွတ်ရဲ့ CEO ဖြစ်တဲ့ Mark Zuckerberg ကို ရည်ရွယ်ပြီး "ကောင်းတယ် ကြိုက်တယ် ဖြစ်သင့်တယ်။ ငွေမျက်နှာပဲကြည့်ပြီး မတရားမှုကို ဝိုင်းလိမ်တဲ့ ငတိ။ အားရတယ် ကျေနပ်တယ်" လို့ ဆက်လက်ရေးသားထားပါတယ်။
အဆိုပါ ဖေ့စ်ဘွတ်ပိုစ့်နဲ့ ဧရာဝတီ သတင်းဌာနက ရိုက်ထားတဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နဲ့ တပ်မတော်ထိပ်ပိုင်း အရာရှိတွေပါဝင်တဲ့ ဓါတ်ပုံ တစ်ပုံကို ပူးတွဲတင်ထားပါတယ်။
အဆိုပါ ဖေ့စ်ဘွတ်ပိုစ့်ကို Like လုပ်ထားသူ ၃၀၀ နီးပါးနဲ့ ထပ်ဆင့်ဝေမျှထားသူ ၂၀၀ နီးပါးရှိနေပြီး နောက်ထပ် ကူးယူဖော်ပြသူများလည်း ရှိနေပါတယ်။
မူရင်းရေးသားမှုကို ဒီနေရာ နဲ့ ဒီနေရာ မှာ ကြည့်ပါ။
သတင်းဆန်းစစ်ချက်
လူမှုကွန်ယက်ပေါ်မှာ ရေးသားဖြန့်ဝေထားတဲ့ ရွေးကောက်ပွဲ ရလဒ်တွေ ထွက်ပေါ်ပြီးရင် တပ်မတော်က ဖေ့စ်ဘွတ်ရဲ့ CEO ဖြစ်တဲ့ Mark zuckerberg ကို တရားစွဲမယ် ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ သတင်းအမှားဖြစ်ကြောင်း တွေ့ရပါတယ်။
တပ်မတော်က ဖေ့စ်ဘွတ်ကို တရာစွဲမယ် ဆိုတဲ့ အကြောင်းအရာဟာ လုပ်ကြံရေးသားထားတဲ့ သတင်းအမှား သက်သက်သာ ဖြစ်ပါတယ်။ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး တပ်မတော်က တစ်ကြိမ်တစ်ခါမှ ပြောကြားခဲ့ဖူးခြင်း မရှိသလို မီဒီယာတွေမှာလည်း ရေးသားဖော်ပြခဲ့ဖူးခြင်း မရှိပါဘူး။
ဒါ့အပြင် တပ်မတော်ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာ တစ်ခုဖြစ်တဲ့ တပ်မတော်သတင်းမှန် ပြန်ကြားရေးနဲ့ မြဝတီ Website တို့မှာလည်း ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး ရေးသားဖော်ပြထားခြင်း မရှိပါဘူး။