အဆိုပါ သတင်းအတုကို PDF News ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်က ဧပြီလ ၂၇ ရက်နေ့ ညပိုင်းမှာ ဖြန့်ဝေထားတာဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၁ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာဖြစ်ပါတယ်။ အဆိုပါ Video ရဲ့ နောက်ခံဓါတ်ပုံပေါ်မှာ စစ်ကောင်စီခေါင်းဆောင် ပါဝင်တဲ့ ဓါတ်ပုံရယ် လေယာဉ်ပစ်လက်နက် ထမ်းထားတဲ့ ဓါတ်ပုံတွေကို ပူးတွဲဖော်ပြထားပြီး ဓါတ်ပုံပေါ်မှာ “မနက်ဖြန် အာဏာပြန်ရပြီ၊ တပ်ချုပ်စီးလာတဲ့ လေယဉ် ပစ်ချခံရ” (မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။
မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။
အဆိုပါ Video ကို ဖေ့စ်ဘွတ်ပေါ်မှာနဲ့ YouTube ပေါ်မှာ ဖြန့်ဝေထားပြီး ဝင်ရောက်ကြည့်ရှုသူ များစွာရှိနေပါတယ်။
သတင်းဆန်းစစ်ချက်
အာဏာသိမ်းစစ်အုပ်စုရဲ့ခေါင်းဆောင် မင်းအောင်လှိုင် စီးနင်းလိုက်ပါလာတဲ့ လေယာဉ် ပစ်ချခံရပြီး အာဏာပြန်ရပြီ ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက် ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။
စစ်ကောင်စီခေါင်းဆောင်စီနင်းလိုက်ပါလာတဲ့ လေယာဉ် ပစ်ချခံရခြင်း မရှိသလို ပြည်သူ့အစိုးရလက်ထဲ အာဏာပြန်ရခြင်းလည်း မရှိပါဘူး။ ဒါ့အပြင် ဒီအကြောင်းအရာကို မည်သည့်သတင်းဌာန အဖွဲ့အစည်းကမှလည်း ဖော်ပြထားခြင်း မရှိပါဘူး။ သတင်းအမှားဖြန့်သူတွေက ၎င်းတို့ သတင်းကို ဝင်ရောက်ကြည့်ရှု့သူများအောင် လုပ်ကြံရေးသားထားခြင်းသာ ဖြစ်ပါတယ်။
ဒါ့အပြင် သတင်းအမှား Video ထဲမှာလည်း ဒီအကြောင်းအရာ မပါဝင်ပါဘူး။ ဒီ Video ထဲမှာ ချင်းပြည်နယ်ဘက်က စစ်ရေးသတင်းတစ်ပုဒ်ကိုသာ ဖော်ပြထားပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု သူများအောင် သတင်းခေါင်းစဉ် ဓါတ်ပုံတွေမှာ လိမ်ညာရေးသားပြီး ကြည့်ရှုများအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။