အဆိုပါ သတင်းအတုကို YouTube ချန်နယ်တစ်ခုက ဩဂုတ်လ ၁၇ ရက်နေ့မှာ ဖြန့်ထားတာ ဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၂ မိနစ်နီးပါး ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာ ဖြစ်ပါတယ်။
Video ရဲ့ နောက်ခံမှာ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင် မိန့်ခွန်းပြောနေတဲ့ ဓါတ်ပုံရယ်၊ ဒေါ်အောင်ဆန်းစုကြည် ပါဝင်တဲ့ ဓါတ်ပုံကို သုံးထားပြီး ဓါတ်ပုံပေါ်မှာ “ဒေါ်စုလွတ်ဖို့ရှိမယ်။ အာဏာပါပြန်လွဲဖို့ ရှိမယ်။ မင်းအောင်လှိုင် ပြည်သူကို ဒဲ့ပြောလိုက်ပြီ။ မနိုင်မှန်းသိတော့ အရှုံးပေးလိုက်ပြီပေါ့ဗျာ” (မူရင်း ရေးသားထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။
မူရင်း ရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။
အဆိုပါ သတင်းအတုကို YouTube ပေါ်မှာ ဝင်ရောက်ကြည့်ရှုထားသူ ၅၇၀၀၀ ကျော်ရှိနေပါတယ်။
သတင်းဆန်းစစ်ချက်
ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွတ်ပေးပြီး အာဏာပြန်လွဲမယ်လို့ စစ်ကောင်စီခေါင်းဆောင်က ပြောတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။
စစ်ကောင်စီခေါင်းဆောင်ဟာ ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်မှာ ဖမ်းဆီးထိန်းသိမ်းထားဆဲဖြစ်ပြီး လွတ်ပေးဖို့ တစ်စုံတစ်ရာ ပြောကြာထားခြင်း မရှိပါဘူး။ ဒါ့အပြင် ၎င်းအနေနဲ့ အာဏာပြန်လွဲမယ်လို့ ပြောထားခြင်းလည်း မရှိပါဘူး။ သတင်းအမှားဖြန့်သူတွေက လုပ်ကြံရေးသားထားခြင်းသာ ဖြစ်ပါတယ်။
ဒါ့အပြင် ဒီအကြောင်းအရာကို မည်သည့်သတင်းဌာန မည်သည့်အဖွဲ့အစည်းမှာမှ ဖော်ပြထားခြင်းမရှိသလို သတင်းအမှားဖြန့်သူတင်ထားတဲ့ Video ထဲမှာလည်း မပါဝင်ပါဘူး။
သတင်းအမှားဖြန့်ထားတဲ့အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့သတင်းတွေ ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။