အဆိုပါ သတင်းအတုကို YouTube ချန်နယ်တစ်ခုက ဇူလိူင်လ ၂၇ ရက်နေ့မှာ ဖြန့်ထားတာဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၁ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာဖြစ်ပါတယ်။ ဒီ Video ရဲ့ နောက်ခံမှာ အာဆီယံခေါင်းဆောင်တွေ ပါဝင်တဲ့ ဓါတ်ပုံရယ်၊ NUG ဝန်ကြီး ဒေါ်ဇင်မာအောင် ပါဝင်တဲ့ ဓါတ်ပုံရယ်၊ အခြားဓါတ်ပုံတွေကို ဖောပြထားပြီး ဓါတ်ပုံပေါ်မှာ “မင်းအောင်လှိုင်နဲ့ NUG ဆွေးနွေးမှု အောင်မြင်၊ NUG ဝန်ကြီး (၂) ဦးနဲ့ အတူအာဆီယံ ဝန်ကြီး (၇) ဦး မအလ နဲ့ တွေ့ဖို့ ရန်ကုန်အထိရောက်ပြီ” (မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။
မူရင်း ရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။
အဆိုပါ Video ကို ဝင်ရောက်ကြည့်ရှုသူများစွာ ရှိနေပါတယ်။
သတင်းဆန်းစစ်ချက်
အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်နဲ့ အမျိုးသားညီညွတ်ရေးအစိုးရတို့ ဆွေးနွေးမှု အောင်မြင်တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
နေပြည်တော်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ရာပြည့်က ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ၂ ကြိမ် သွားတွေ့ခဲ့တယ်လို့ BBC သတင်းတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီဟာ ဒေါ်အောင်ဆန်းစုကြည်ကို သွားရောက်တွေ့ဆုံခဲ့ပေမယ့် NUG က စစ်ကောင်စီနဲ့ တွေ့ဆုံခြင်းမရှိသလို ဆွေးနွေးမှု အောင်မြင်တယ်ဆိုတာလည်း သတင်းအမှားသာ ဖြစ်ပါတယ်။ ဒီအကြောင်းအရာဟာ သတင်းအမှားဖြန့်သူတွေက လုပ်ကြံရေးသားထားခြင်းသာ ဖြစ်ပါတယ်။
ဒါ့အပြင် ဒီအကြောင်းအရာကို မည်သည့်ဌာန၊ မည်သည့်အဖွဲ့အစည်းမှာမှ ဖော်ပြထားခြင်း မရှိသလို သတင်းအမှားဖြန့်သူတွေ တင်ထားတဲ့ Video အတွင်းမှာလည်း ဒီအကြောင်းအရာ မပါဝင်ပါဘူး။ Video အတွင်းမှာ တစ်ခြားသတင်းအကြောင်းအရာတွေ တစ်ခြား သတင်းတွေကိုသာ ဖော်ပြထားပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် သတင်းခေါင်းစဉ်တွေမှာ လိမ်ညာရေးသားထားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန် ရအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။