အဆိုပါ သတင်းအတုကို YouTube ချန်နယ်တစ်ခုက ဒီဇင်ဘာလ ၂၆ ရက်နေ့မှာ ဖြန့်ထားတာ ဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၈ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာ ဖြစ်ပါတယ်။ အဆိုပါ Video ရဲ့ နောက်ခံမှာ တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းထားတဲ့ တင်ကားတစ်စီးရဲ့ ဓါတ်ပုံရယ်၊ စစ်သားတွေ မြေကြီးပေါ်မှာ စုပြီး ထိုင်နေကြတဲ့ ဓါတ်ပုံတွေကို ပေါင်းပြီးတစ်ပုံထဲ ပြုလုပ်ထားကာ ဓါတ်ပုံပေါ်မှာ “၂၆ ရက်နေ့ အရေးတော်ပုံကြီး အောင်နေပြီ။ ဧရာဝတီ ငါးသိုင်းချောင်း အမြှောက်တပ်ရင်းကြီး၊ တပ်မဟာမှူး ဦးဆောင်ပြီး လက်နက်ချကုန်ပြီ။ မအလ အကြီးအကျယ် ပေါက်ကွဲသွားပြီ” (မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။
မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။
အဆိုပါ Video ကို တစ်ရက်အတွင်း YouTube ပေါ်မှာ ဝင်ရောက်ကြည့်ရှုထားသူ ၁ သိန်း ၃ သောင်းနီးပါး ရှိနေပါတယ်။
သတင်းဆန်းစစ်ချက်
ဧရာဝတီတိုင်း ငါးသိုင်းချောင်းမြို့နယ်က အမြှောက်တပ်ရင်း တစ်ခုလုံး လက်နက်ချလို့ စစ်ကောင်စီခေါင်းဆောင် မကျေမနပ် ဖြစ်နေတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။
ဧရာဝတီတိုင်း ငါးသိုင်းချောင်းမှာ အမြောက်တပ်ရင်းလိုက် လက်နက်ချတဲ့ ဖြစ်စဉ်မရှိသေးပါဘူး။ ဒါ့အပြင် ဒီအကြောင်းအရာကို မည်သည့်သတင်းဌာန၊ မည်သည့်အဖွဲ့အစည်းကမှ ဖော်ပြထားခြင်း မရှိသလို သတင်းအမှားဖြန့်သူတွေ တင်ထားတဲ့ Video အတွင်းမှာလည်း ဒီအကြောင်းအရာ မပါဝင်ပါဘူး။
Video အတွင်းမှာ ဧရာဝတီတိုမ်း သတင်းဌာနက ဖော်ပြထားတဲ့ “ငါးသိုင်းချောင်းမြို့နယ် အခြေစိုက် အမြောက်တပ်မှ ကျဆုံးစစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ နာရေးကို မိသားစုဝင်များက တိတ်တဆိတ်ပြုလုပ်” ဆိုတဲ့ သတင်းနဲ့ တစ်ခြားသတင်းအကြောင်းအရာတွေကိုသာ ဖော်ပြထားပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် သတင်းခေါင်းစဉ်တွေမှာ လိမ်ညာရေးသားထားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန် ရအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။