အဆိုပါ သတင်းအတုကို YouTube ချန်နယ်တစ်ခုက ဇန်နဝါရီလ ၁၁ ရက်နေ့မှာ ဖြန့်ထားတာ ဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၁ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာ ဖြစ်ပါတယ်။ အဆိုပါ Video ရဲ့ နောက်ခံမှာ တိုက်လေယာဉ်တစ်ဆင်းနောက်ခံနဲ့ ခေါင်ဆောင်ပိုင်းတစ်ချို့ ပါဝင်တဲ့ ဓါတ်ပုံကို သုံးထားပြီး ဓါတ်ပုံပေါ်မှာ “နေပြည်တော် အထိုင်တပ်ရင်း ပုန်ကန်ပြီ၊ သေစမ်း၊ မင်းအောင်လှိုင် အားအကိုးဆုံး လေတပ်ချုပ်နဲ့ လေတပ်အရာရှိ (၃၀) ကျော် ထွက်ပြေး” (မူရင်း ဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။
မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။
သတင်းဆန်းစစ်ချက်
လေတပ်ကာကွယ်ရေး ဦးစီးချုပ် နဲ့ အရာရှိ ၃၀ ကျော် ထွက်ပြေးသွားတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။
၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း စစ်ကောင်စီတပ်တွေ အထိနာက တပ်ရင်းလိုက် လက်နက်ချတာတွေ၊ သေဆုံးမှု မြင့်တက်နေတာတွေ ရှိနေပေမယ့် စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေထဲမှာ လက်နက်ချဖို့နဲ့ ဆက်လက် တိုက်ခိုက်ဖို့ သဘောထား ကွဲလွဲမှုတွေ ရှိနေဆဲ ဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ လေတပ် ဦးစီးချုပ်ကတော့ အခုချိန်ထိ ၎င်းရဲ့ တာဝန်တွေ ထမ်းဆောင်နေဆဲဖြစ်ပြီး အရာရှိတွေနဲ့ ထွက်ပြေးသွားခြင်း မရှိပါဘူး။ ဒါ့အပြင် ဒီအကြောင်းအရာကို မည်သည့်သတင်းဌာန၊ မည်သည့်အဖွဲ့အစည်းမှာမှ ဖော်ပြထားခြင်းမရှိပါဘူး။ သတင်းအမှားဖြန့်သူတွေက လုပ်ကြံရေးသားထားခြင်းသာ ဖြစ်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် သတင်းခေါင်းစဉ်တွေမှာ လိမ်ညာရေးသားထားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန် ရအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။