အဆိုပါ သတင်းအတုကို HD Videos ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်က မေလ ၂၄ ရက်နေ့မှာ ဖြန့်ဝေထားတာဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၁၄ မိနစ်နီးပါးကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာဖြစ်ပြီး Video ရဲ့ နောက်ခံဓါတ်ပုံမှာ ထိုင်းဝင်ကြီးချုပ်ပုံကို အသုံးပြုထားကာ ဓါတ်ပုံအပေါ်မှာ "ထိုင်းဝန်ကြီးချုပ်သစ် ထိုင်းစစ်တပ်က ဖမ်းဆီးပြီး အာဏာသိမ်းပြီ" လို့ ရေးသားထားပါတယ်။ ဒီVideo ကို လူမှုကွန်ယက်ပေါ်ဖြန့်ဝေရာမှာလည်း ဝန်ကြီးချုပ်အသစ်ကို စစ်တပ်က အာဏာသိမ်းပြီး ဖမ်းဆီးလိုက်ပြီလို့ ဖော်ပြထားပါတယ်။
မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ ၊ ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။
အဆိုပါ Video ကို Facebook ပေါ်မှာ Like လုပ်ထားသူ ၃၁၀၀၀ ခန့်ရှိကာ ဝင်ရောက်ကြည့်ရှု့ထားသူ ၉ သိန်းခွဲခန့်ရှိနေပြီး YouTube ပေါ်မှာလည်း ဝင်ရောက်ကြည့်ရှု့ထားကြပါတယ်။
သတင်းဆန်းစစ်ချက်
ထိုင်းဝန်ကြီးချုပ်အသစ်ကို ထိုင်းစစ်တပ်က ဖမ်းဆီးပြီး အာဏာသိမ်းလိုက်ပြီဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု့သူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။
မကြာသေးမီက ကျင်းပခဲ့တဲ့ ထိုင်းနိုင်ငံက ရွေးကောက်ပွဲမှာ Move Forward ပါတီက မဲအများဆုံးရရှိခဲ့ပေမယ့် အစိုးရဖွဲ့နိုင်ဖို့ စစ်တပ်က ခန့်ထားတဲ့ အမတ်တွေ ထောက်ခံမှသာ အစိုးရအဖြစ် ဝန်ကြီးချုပ်အဖြစ် ရနိုင်မှာဖြစ်ပြီး စစ်တပ်ကလည်း အာဏာသိမ်းယူခြင်း မပြုဘူးလို့ မီဒီယာတွေမှာ ထုတ်ဖော်ပြောဆိုထားပါတယ်။
ဒါ့အပြင် ၎င်းတို့ ဖြန့်ဝေထားတဲ့ Video အတွင်းမှာလည်း ဒီအကြောင်းအရာ မပါဝင်ပါဘူး။ ဒီ Video အတွင်းမှာ တစ်ခြား သတင်းအကြောင်းအရာတွေ စစ်ရေးသတင်းတွေကိုသာ ဖော်ပြထားပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု သူများအောင် သတင်းခေါင်းစဉ် ဓါတ်ပုံတွေမှာ လိမ်ညာရေးသားပြီး ကြည့်ရှုများအောင်ပြုလုပ်ထားတဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။