အဆိုပါ သတင်းအတုကို YouTube ချန်နယ်တစ်ခုက နိုဝင်ဘာ ၁၂ ရက်နေ့မှာ ဖြန့်ဝေထားတာ ဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၈ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာ ဖြစ်ပါတယ်။ Video ရဲ့ နောက်ခံမှာ မီးလောင်နေတဲ့ ဓါတ်ပုံတွေရယ် သတင်းကြေညာသူတစ် ပါဝင်တဲ့ ဓါတ်ပုံတွေကို အသုံးပြုထားပြီး ဓါတ်ပုံပေါ်မှာ “၁၂ ရက်နေ့ တလှိုင်းပြီး တလှိုင်းလာပြီ။ ရန်ကုန်မြို့ အရေးပေါ်ပြီဟေ့။ ရဲစခန်း၊ ထွေအုပ်ရုံးတို့ကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်နေပြီ။ လုံးဝအပြင်မထွက် ကြပါနဲ့။ ခေတ်သစ် အရေးပေါ် ကြေညာပြီ” (မူရင်း ဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။
မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။
အဆိုပါ Video ကို ၄ ရက်အတွင်း ဝင်ရောက်ကြည့်ရှုထားသူ ၆၅၀၀၀ ကျော် ရှိနေပါတယ်။
သတင်းဆန်းစစ်ချက်
ရန်ကုန်မှာ ရဲစခန်းနဲ့ ထွေအုပ်ရုံးတွေကို တော်လှန်ရေးအဖွဲ့တွေ သိမ်းပိုက်နေပြီဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။
အောက်တိုဘာလ ၂၇ ရက်နေ့ကစပြီး မြောက်ပိုင်းမဟာမိတ်တပ်တွေက စစ်ဆင်ရေး ၁၀၂၇ ဆိုပြီး စစ်ကောင်စီရဲ့ တပ်စခန်းတွေကို တစ်ပြိုင်နက်တိုက်ခိုက်ကာ တစ်ခြားပြည်နယ်တိုင်းအသီးသီးမှာပါ စစ်ဆင်ရေးဖော်ဆောင်ပြီး စစ်ကောင်စီရဲ့ တပ်စခန်းပေါင်းများစွာကို သိမ်းယူနေပေမယ့် ရန်ကုန် မှာတော့ တိုက်ပွဲ ဖြစ်ပွားခြင်း မရှိသေးပါဘူး။ ဗုံးပေါက်ကွဲမှု အနည်းငယ်သာ ဖြစ်ပွားခဲ့ပြီး မည်သည့် ရဲစခန်း၊ ထွေအုပ်ရုံးကိုမှ သိမ်းယူနိုင်ခြင်း မရှိသေးပါဘူး။
ဒါ့အပြင် ဒီအကြောင်းအရာကို မည်သည့်ဌာန၊ မည်သည့်အဖွဲ့အစည်းမှာမှ ဖော်ပြထားခြင်း မရှိသလို သတင်းအမှားဖြန့်သူတွေ တင်ထားတဲ့ Video အတွင်းမှာလည်း ဒီအကြောင်းအရာ မပါဝင်ပါဘူး။ Video အတွင်းမှာ ခေတ်သစ် သတင်းဌာနက ဖော်ပြထားတဲ့ ရန်ကုန်မှာ အင်းစိန်မြို့မ ရဲစခန်း၊ အင်းစိန်ထောင် ဗုံးပေါက်ခဲ့တယ် ဆိုတဲ့ သတင်းနဲ့ တစ်ခြားသတင်းအကြောင်းအရာတွေ တစ်ခြား သတင်းတွေကိုသာ ဖော်ပြထားပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် သတင်းခေါင်းစဉ်တွေမှာ လိမ်ညာရေးသားထားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန် ရအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။