အဆိုပါ သတင်းအတုကို YouTube ချန်နယ်တစ်ခုက မေလ ၂၉ ရက်နေ့မှာ ဖြန့်ထားတာ ဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၈ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာ ဖြစ်ပါတယ်။
၎င်း Video ရဲ့ နောက်ခံမှာ အဆောက်အဦးတွေ မီးလောင်ကာ မီးခိုးတွေ အူထွက်နေတဲ့ ဓါတ်ပုံ နှစ်ပုံရယ်၊ သတင်းကြေညာသူတစ်ဦး ပါဝင်တဲ့ ဓါတ်ပုံတွေကို အသုံးပြုထားပြီး ဓါတ်ပုံပေါ်မှာ “ပြည်သူတွေ ထွက်ပြေးနေရပြီ။ PDF ရန်ကုန်ကို ဝင်လာပြီ။ လှည်းတန်းစင်တာကို မီးရှို့ပြီး ငွေတွေ သိမ်းပြီ။ စစ်သားနဲ့ ရဲတွေ မြင်သမျှ အကုန် ပစ်ခတ်နေ” (သတ်ပုံ မူရင်း ရေးသားထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။
မူရင်း ရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။
အဆိုပါ သတင်းအတုကို YouTube ပေါ်မှာ ဝင်ရောက်ကြည့်ရှုထားသူ များစွာ ရှိနေပါတယ်။
သတင်းဆန်းစစ်ချက်
ရန်ကုန်မြို့ကို PDF တွေ ဝင်လာပြီး လှည်းတန်းစင်တာကို မီးရှို့ပြီး ငွေတွေ သိမ်းယူသွားတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။
စစ်တပ်က အာဏာသိမ်းစဉ်ထဲကနေ အခုချိန်ထိ ရန်ကုန်မှာ UG တွေ PDF တွေရဲ့ လှုပ်ရှားမှုတွေ မကြာခဏဆိုသလို ရှိနေပြီး ဖမ်းဆီးခံရမှုတစ်ချို့လည်း ရှိနေပါတယ်။ သတင်းအမှားတွေထဲမှာ ဖော်ပြထားသလို PDF တွေ လှည်းတန်းစင်တာကို မီးရှို့ခြင်း မရှိသလို ပိုက်ဆံတွေ သိမ်းယူသွားခြင်းလည်း မရှိပါဘူး။ သတင်းအမှားဖြန့်သူတွေက လုပ်ကြံရေးသားထားခြင်းသာ ဖြစ်ပါတယ်။
ဒါ့အပြင် ဒီအကြောင်းအရာကို မည်သည့်သတင်းဌာန မည်သည့်အဖွဲ့အစည်းမှာမှ ဖော်ပြထားခြင်းမရှိသလို သတင်းအမှားဖြန့်သူတင်ထားတဲ့ Video ထဲမှာလည်း မပါဝင်ပါဘူး။
သတင်းအမှားဖြန့်ထားတဲ့အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့သတင်းတွေ ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။