အဆိုပါ သတင်းအတုကို PKS Channel ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်က မတ်လ ၃၀ ရက်နေ့မှာ ဖြန့်ဝေထားတာဖြစ်ပြီး သတင်းအမှားကိုဖြန့်ဝေရာမှာ ၈ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာဖြစ်ပြီး Video ရဲ့ နောက်ခံ ဓါတ်ပုံပေါ်မှာ NLD ပါတီဝတ်စုံ ဝတ်ဆင်ထားပြီး ဆိုက်ကားတွေနဲ့ တန်းစီထွက်ကာ မဲဆွယ်ကမ်ပိန်းပြုလုပ်ထားတဲ့ ဓါတ်ပုံ တစ်ပုံကို အသုံးပြုထားပြီး ဓါတ်ပုံအပေါ်မှာ “NLD ကို ဖျက်သိမ်းရင် လေးနိုင်ငံပေါင်းပြီး မအလကို ချမည်” လို့ ရေးသားထားပါတယ်။ ဒီ Video ကို လူမှုကွန်ယက်ပေါ် ဖြန့်ဝေရာမှာတော့ “NLD လုံးဝပျက်သုန်းအောင်လုပ်လျှင် မအလကို ချက်ချင်းဝင်ဖမ်းမည်” လို့ ရေးသားထားပါတယ်။
မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။
အဆိုပါ Video ကို Like လုပ်ထားသူ ၆၅၀၀ ကျော်နဲ့ ဝင်ရောက်ကြည့်ရှု့ထားသူ ၁ သိန်း ၈ သောင်းကျော်ရှိကာ ထပ်ဆင့်ဝေမျှထားသူ များစွာရှိနေပါတယ်။
သတင်းဆန်းစစ်ချက်
NLD ပါတီကို ဖျက်သိမ်းရင် လေးနိုင်ငံပေါင်းပြီး စစ်ကောင်စီကို ဖမ်းမယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု့သူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။
NLD ပါတီအပါအဝင် နိုင်ငံရေးပါတီ ၄၀ ကို ဖျက်သိမ်းကြောင်း စစ်ကောင်စီက မတ်လ ၂၈ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။ ဒီလို ဖျက်သိမ်းခံရမှုနဲ့ ပတ်သက်ပြီး နိုင်ငံအချို့က ဝေဖန်ကန့်ကွက်မှုတွေ ထွက်ပေါ်ခဲ့ပေမယ့် စစ်ကောင်စီကို စစ်ရေးအရ ဝင်တိုက်ဖို့ပြောထားတာတွေ ဖမ်းဝရမ်းထုတ်တယ်လို့ ကြေညာထားတာမျိုးမရှိပါဘူး။ သတင်းအမှားဖြန့်သူတွေကသာ လုပ်ကြံရေးသားထားခြင်း ဖြစ်ပါတယ်။
ဒါ့အပြင် ဒီ Video ထဲမှာလည်း ပါတီဖျက်သိမ်းလို့ စစ်ဝင်တိုက်မယ်လို့ ပြောထားတဲ့ အကြောင်းအရာ မပါဝင်ပါဘူး။ NLD ပါတီဖျက်သိမ်းခံရမှုအတွက် အမေရိကန်၊ ဂျပန်၊ ဗြိတိန်နဲ့ ဩစတြေးလျ တို့က စိုးရိမ်ကြောင်း ပြောထားတယ်ဆိုတဲ့ အကြောင်းအရာသာ ပါဝင်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ ပေ့ချ်ကို ဝင်ရောက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု့သူများအောင် သတင်းခေါင်းစဉ်တွေ ဓါတ်ပုံတွေမှာ လိမ်ညာရေးသားထားပြီး ကြည့်ရှု့သူ အရေအတွက်ကနေ ဝင်ငွေပြန်ရအောင် ပြုလုပ်ထားတဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့ အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။