အဆိုပါ သတင်းအတုကို News Khit ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်က နိုဝင်ဘာလ ၁၄ ရက်နေ့ မနက်ပိုင်းမှာ ဖြန့်ဝေထားတာဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၈ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားပါတယ်။ အဆိုပါ Video ရဲ့ နောက်ခံ ဓါတ်ပုံမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သားဖြစ်သူတို့ ပါဝင်တဲ့ ဓါတ်ပုံကို အသုံးပြုထားပြီး ဓါတ်ပုံအပေါ်မှာ "၁၃ ရက်နေ့ မွန်းလွဲ ၁ နာရီ အထူးသတင်း၊ အမေစုကို ကယ်ထုတ်ဖို့ ကိုထိန်လင်းကိုယ်တိုင် ကွန်မန်ဒို သင်တန်းတက်နေပြီ" (မူရင်းရေးသားထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။ ဒီ Video ကို လူမှုကွန်ယက်ပေါ် ဖြန့်ဝေရာမှာလည်း "ကိုထိန်လင်း ကိုယ်တိုင် အမေစုကို ကယ်ထုတ်မယ်တဲ့" လို့ ရေးသားထားပါတယ်။
မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။
အဆိုပါ Video ကို Like လုပ်ထားသူ ဝင်ရောက်ကြည့်ရှု့ထားသူများစွာရှိပြီး တစ်ခြား ဖေ့စ်ဘွတ် page တွေနဲ့ YouTube ပေါ်မှာလည်း တင်ထားပါတယ်။
သတင်းဆန်းစစ်ချက်
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကိုထိန်လင်း စစ်သင်တန်းတက်နေတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု့သူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။
ကိုထိန်လင်းဟာ စစ်သင်တန်း ၊ကွန်မန်ဒို သင်တန်းတွေ တက်ရောက်နေခြင်းမရှိပါဘူး။ လက်ရှိအချိန်ထိ အမေရိကန်မှာ နေထိုင်ကာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေအတွက် ရန်ပုံငွေရရှိအောင် ကူညီဆောင်ရွက်ပေးနေဆဲ ဖြစ်ပါတယ်။ ဒါ့အပြင် ကိုထိန်လင်း စစ်သင်တန်း တက်ရောက်တဲ့အကြောင်းကို မည်သည့်သတင်းဌာန ၊ မည်သည့်အဖွဲ့အစည်းကမှလည်း ထုတ်ဖော်ပြောဆိုထားခြင်း မရှိပါဘူး။ အခု သတင်းတင်ထားတဲ့ အဖွဲ့ကသာ လုပ်ကြံရေးသား ဖြန့်ဝေထားခြင်း ဖြစ်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့အဖွဲ့က ၎င်းတို့ Video မှာ ဒေါ်အောင်ဆန်းစုကြည်ကို ကယ်ထုတ်ဖို့ ကိုထိန်လင်း ကွန်မန်ဒိုသင်တန်း တက်နေပြီလို့ ရေးသားထားပေမယ့် Video အတွင်းမှာ အဆိုပါအကြောင်းအရာ တစ်လုံးမှ မပါဝင်ပါဘူး။ Video အတွင်းမှာတော့ RFA သတင်းဌာနမှာ ဖော်ပြထားတဲ့ ဒေါ်အောင်ဆန်းစုကြည် သတင်းက နောက်ခံ အသံကိုယူကာ Video ပြုလုပ်ထားခြင်းသာ ဖြစ်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ ဝင်ရောက်ကြည့်ရှု့သူများအောင် သတင်းခေါင်းစဉ်တွေကို လိမ်ညာရေးသားပြီး ကြည့်ရှု့သူအရေအတွက်ကနေ ဝင်ငွေပြန်ရှာနေတဲ့ Clickbaits သတင်းတွေ ဆက်တိုက်ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။