အဆိုပါ သတင်းအတုကို YouTube ချန်နယ်တစ်ခုက ဩဂုတ်လ ၂၂ ရက်နေ့မှာ ဖြန့်ထားတာ ဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၁ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာ ဖြစ်ပါတယ်။
Video ရဲ့ နောက်ခံမှာ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင် မိန့်ခွန်းပြောနေတဲ့ ဓါတ်ပုံရယ်၊ ဒေါ်အောင်ဆန်းစုကြည် ပါဝင်တဲ့ ဓါတ်ပုံကို သုံးထားပြီး ဓါတ်ပုံပေါ်မှာ “ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးမှုအောင်မြင်၊ အမေစု သစ္စာဖောက်ပြီ။ အသေးစိတ်အခြေအနေ မင်းအောင်လှိုင်ဖွင့်ချ။ အရေးကြီးလို့ အမြန်ဆုံး နားထောင်ကြပါ။” (မူရင်း ရေးသားထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။
မူရင်း ရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။
အဆိုပါ သတင်းအတုကို YouTube ပေါ်မှာ ဝင်ရောက်ကြည့်ရှုထားသူ ၈၄၀၀ ကျော်ရှိနေပါတယ်။
သတင်းဆန်းစစ်ချက်
နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်ကောင်စီတို့ ဆွေးနွေးမှုအောင်မြင်တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။
စစ်ကောင်စီခေါင်းဆောင်ဟာ ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်မှာ ဖမ်းဆီးထိန်းသိမ်းထားဆဲဖြစ်ပြီး သွားရောက်တွေ့ဆုံမှုတွေ ရှိတယ်ဆိုတဲ့ သတင်းတစ်ချို့တော့ ရှိပေမယ့် ဆွေးနွေါ်မှုအောင်မြင်တယ်ဆိုတဲ့ ဖြစ်စဉ်တော့ မရှိသေးသလို၊ ဒေါ်အောင်ဆန်းစုကြည်က သစ္စာဖောက်သွားပြီဆိုတာဟာလည်း သတင်းအမှားဖြန့်သူတွေက လုပ်ကြံရေးသားထားခြင်းသာ ဖြစ်ပါတယ်။
ဒါ့အပြင် ဒီအကြောင်းအရာကို မည်သည့်သတင်းဌာန မည်သည့်အဖွဲ့အစည်းမှာမှ ဖော်ပြထားခြင်းမရှိသလို သတင်းအမှားဖြန့်သူတင်ထားတဲ့ Video ထဲမှာလည်း မပါဝင်ပါဘူး။
သတင်းအမှားဖြန့်ထားတဲ့အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့သတင်းတွေ ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။